September 26, 2024

◾ ယခုစက်တင်ဘာလအတွင်း ပုသိမ်ကြီးပကဖက ဒလန်ခေါင်းစဥ်အောက်တွင် လူ ၅ ဦးအထိ သတ်ဖြတ်ထား

၂၆. ၉. ၂၀၂၄
Written by Nay Moe

အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို ဒလန်ဟုဆိုကာ NUG လက်အောက်ခံ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတ်ဖြတ်လိုက်ကြောင်း ဝန်ခံချက် ယနေ့ထုတ်ပြန်လာပြီး ယခုလအတွင်း ပုသိမ်ကြီးပကဖက ဒလန်ခေါင်းစဥ်အောက်တွင် လူ ၅ ဦးအထိ သတ်ဖြတ်ထားသည်ဟု သိရသည်။

ယခု သတ်ဖြတ်မှုကို စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီ ဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ကံကြီးရွာမှ ကိုနေလင်းဦးနှင့် ဒေါ်ပိုတို့ နှစ်ဦးအား ဒလန်သတင်းပေးဟုဆိုကာ ဖမ်းဆီးရန်ကြိုးစားချိန် ထွက်ပြေးသွားသောကြောင့် နှစ်ဦးစလုံးကို ပစ်ခတ်သတ်ဖြတ်လိုက်​ကြောင်း ပုသိမ်ကြီးပကဖအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ပြည်သူတစ်ဦးကို ဒလန်၊ ပျူစောထီးလို့ သမုတ်ကာ သတ်ဖြတ်လိုက်သည်ဟု NUG ဩဇာခံ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝန်ခံထားပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မင်းကန်အုပ်စု၊ တောစုကျေးရွာမှ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ဝင် ကိုအောင်ဇော်နှင့် ကိုမောင်စိုးဆိုသူနှစ်ဦးကို ပုသိမ်ကြီးပကဖက စက်တင်ဘာ ၄ ရက် ည ၈ နာရီကျော်တွင် သတ်ဖြတ်ခဲ့သည်။

ထိုသို့ ကိုအောင်ဇော်နှင့် ကိုမောင်စိုးတို့ကို သတ်ဖြတ်အပြီး မင်းကန်အုပ်စု၊ ထုံးဘိုရွာ၊ တောစုကျေးရွာနေ ကိုဝင်းဇော်ဆိုသူကိုလည်း အုပ်ချုပ်ရေးမှူး၏ လက်ပါးစေ ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်ခဲ့သည်ဟု သိရပြီး ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စက်တင်ဘာ ၄ ရက် တစ်နေ့တည်း လူသုံးဦး သတ်ဖြတ်မှုတွင် သုံးဦးစလုံး ဦးခေါင်းကျည်ထိဒဏ်ရာများနှင့် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

ပုသိမ်ကြီးပကဖအဖွဲ့သည် ဩဂုတ် ၃၀ ရက်ကလည်း မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျွန်းဆင်ရွာရှိ ဦးညီလွင်ဆိုသူကို တပ်စစ်ကြောင်း အားပေးသည်စွပ်စွဲချက်နှင့် ဝင်ရောက်သတ်​ဖြတ်ရာ ဦးညီလွင်မှာ ကျည်ထိမှန်လွတ်မြောက်သွား၍ ဦးညီလွင်ပိုင် ဆိုင်ကယ်နှင့် စက်လှေ လုယက်ခဲ့သည့်အပြင် ပုသိမ်ကြီးမြို့နယ် ကျွန်းဆင်ရွာ အုပ်ချုပ်ရေးမှုး ဦးသိန်းစိုးကိုလည်း ဝင်ရောက်သတ်ဖြတ်ရာ ဦးသိန်းစိုး နေအိမ်၌မရှိ၍ သားဖြစ်သူကိုအပြစ်ပေး (သတ်ဖြတ်)ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။ ထိုသတ်ဖြတ်မှုများအပြင် ဩဂုတ် ၁၀ ရက် ည ၈ နာရီကလည်း ဘန့်‌မွှေးကျေးရွာမှ ဦးကျော်မင်းဆိုသူကို သတ်ဖြတ်ခဲ့သလို ဇူလိုင် ၂၇ ရက် မနက် ၉ နာရီကျော်အချိန်ကလည်း မစောကေသီဆိုသည့် အမျိုးသမီးတစ်ဦးကို ဘုရားသိမ်တောင် မိဦးကာဂျာ ကင်မွန် အနီးတွင် သတင်းပေး ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ထားသည်။

ပုံစာ။ ပုသိမ်ကြီးပကဖအဖွဲ့ လုယက်သတ်ဖြတ်ထားသည်များနှင့် ဝန်ခံချက်များ တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *