September 27, 2024

၂၆.၉.၂၀၂၄
Written By Thandar

ပရဟိတတိုင်းရင်းဆေး နယ်လှည့်ဆေးကုဆရာမ မြတ်သစ္စာဦးဆောင်မှုနဲ့အတူ ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူ ထောင်ရေးအတွက် လှည့်လည်အလှူခံပြီး အမှန်တကယ်ဒုက္ခရောက်နေသူတွေဆီ သွားရောက်ကာ စားသောက်ကုန်၊ အဝတ်အထည် စတာတွေ လှူဒါန်းမယ့်အပြင် ကျန်းမာရေးအတွက် ကုသမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

“ကျွန်မအနေနဲ့ အမှန်တကယ်ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို သွားလှူချင်လို့ အလှူတွေခံနေတာပါ။ ကိုယ်တစ်ယောက်ထဲ အင်အားနဲ့ကလည်း မရဘူးလေ။ များများစားစားသွားလှူချင်တာပါ။ ကျွန်မအနေနဲ့ ၄ ရက်ရှိပါပြီ။ အလှူခံတာလေ။ လကုန်ပိုင်းလောက်မှာ ပြန်လည်ထူထောင်ရေးအတွက် လှူမှာပါ။ ကျွန်မနဲ့အတူ အနုပညာလောက ဇာတ်ပို့ဇာတ်ရံလေးတွေရော၊ ဒေါပုံက ပရဟိတလူငယ်လေးတွေ အားကိုးပြီး အလှူခံဖြစ်တာပါ။ ကျွန်မက အရင်ကတည်းက ပရဟိတလုပ်တဲ့သူမို့ တက်လာတဲ့ရေဘေးကြောင့် ခံစားနေရတဲ့သူ တွေမြင်ရတာ စိတ်တော်တော်ကို မကောင်းဖြစ်မိလို့ ဒီလို့လေးစီစဥ်ပြီး လှူဒါန်းဖို့ လုပ်ဆောင်ခဲ့တာပါ။ တစ်ယောက်အား ဆိုတာထက် အားလုံးစုပေါင်းအင်အားနဲ့ လုပ်ဆောင်လိုက်တာပါ။ ခုလိုအလှူခံရင်းနဲ့လည်း ကျန်းမာရေးမကောင်းလို့ ခါးကြောညပ်၊ လေဖြတ်သူတချို့လည်း အခါအားလျှော်စွာနဲ့ ဆေးကုပေးဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ရေဘေးအတွက် သွားလှူဒါန်းတဲ့အခါမှာလည်း ကျန်းမာရေးမကောင်းသူတွေကို ဆေးလည်း တတ်နိုင်တဲ့ဘက်က ကုသပေးသွားမှာပါ ”လို့ ပရဟိတဆေးကု ဆရာမ မြတ်သစ္စာက MT Entertainment ကို ပြောပါတယ်။

ပြန်လည်လှူဒါန်းဖို့အတွက် အင်းစိန်၊ မြေနီကုန်း၊ သန်လျင်၊ စမ်းချောင်း၊ ကျောက်မြောင်း၊ ပေါက်တောဝ စတဲ့နေရာတွေကို ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက် ပရဟိတမောင်မယ်တွေက ပါဝင်ကူညီအားဖြည့်ပြီး လှည့်လည်အလှူခံခဲ့တာလည်းဖြစ်ပါတယ်။ ဆရာမမြတ်သစ္စာကတော့ ပြီးခဲ့တဲ့လပိုင်းက ပဲခူးတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအတွက် လူအယောက် ၂၀၀၀ ကျော်စာ ထမင်း၊ ဟင်း၊ ရေသန့်၊ မုန့် ၊ငွေကြေးစတာကို ကိုယ်တိုင်လှူဒါန်းဝေငှထားသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *