September 26, 2024

၂၆. ၉. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာ ၁၂ ဒသမ ၈၈၉ သန်းနှင့် တရုတ်ယွမ် ၇ သိန်း ထပ်မံထုတ်ရောင်း၍ နှစ်လအတွင်း ဒေါ်လာသန်း ၃၀၀ ကျော်အထိ ထုတ်ရောင်းပေးထားကြောင်း စက်တင်ဘာ ၂၅ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့၍ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ဒေါ်လာ ၂၂၈ သန်းအထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

ထို့နောက်တွင်လည်း ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ ယခုထပ်မံရောင်းပေးမှုအပါအဝင် တစ်ပတ်အတွင်း ရောင်းချပေးမှုမှာ ဒေါ်လာ ၇၅ သန်းကျော်အထိရှိသောကြောင့် ဩဂုတ်လ ၁ ရက်မှ လက်ရှိအချိန်အထိ နှစ်လအတွင်း စုစုပေါင်းဒေါ်လာရောင်းချပေးမှုမှာ ဒေါ်လာသန်း ၃၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။

အဆိုပါကာလအတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကိုလည်း ထုတ်ရောင်းပေးခဲ့ရာ နှစ်လအတွင်း ထိုင်းဘတ်သန်း ၂၉၀ ကျော်နှင့် တရုတ်ယွမ် ၂၃ သန်းဝန်ကျင် ထုတ်ရောင်းပေးထားသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးနှုန်းများမှာ စက်တင်ဘာ ၂၄ ရက်တွင် တစ်ဒေါ်လာ ၅၁၀၀ ကျပ်၊ စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၅၀၇၀ ကျပ်၊ စက်တင်ဘာ ၂၆ ရက် (ယနေ့)တွင် တစ်ဒေါ်လာ ၅၀၂၀ ကျပ် ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *