September 27, 2024

◾️ ရွှေဈေးနှုန်းကဲ့သို့ ဒေါ်လာဈေးနှုန်း ရောင်းဈေးနှင့်ဝယ်ဈေး နှစ်မျိုးဖြစ်ပေါ်လာမည်ကိုပါ စိုးရိမ်နေ

၂၆. ၉. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံခြား‌ငွေလဲလှယ်ကောင်တာ (Money Changer) များတွင် ဗဟိုဘဏ် Online Trading Platform ဈေးနှုန်းထက် ၃ ရာခိုင်နှုန်း ကွာဟမှုဖြင့်သာ ရောင်းချရန် ဗဟိုဘဏ်မှ ညွှန်ကြားထားကြောင်း ဗဟိုဘဏ်မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Transparency News သို့ အတည်ပြုပြောကြားသည်။

“ဈေးနှုန်းက Amount ကို အတိအကျ ပြောတာမဟုတ်ဘူး။ နေ့စဉ် Online Trading Rate က ကြေညာတယ်။ အဲဒီအပေါ်မှာ +၃ နဲ့ (+) or (-) Percent အဲလိုလေးပဲ Instruction ထုတ်တာ။ နေ့စဉ် အပြောင်းအလဲရှိနေမှာပေါ့ Online Trading Rate ကတော့လေ။ ညွှန်ကြားချက်က အဲဒီလိုပဲ ထုတ်ထားပါတယ်” ဟု ဗဟိုဘဏ်မှ ပြော‌ရေးဆိုခွင့်ရှိသူက ပြောသည်။

စက်တင်ဘာ ၂၅ ရက် (ယမန်နေ့)တွင် ဗဟိုဘဏ်မှ ကြေညာထားသည့် Online Trading Platform ဈေးနှုန်းမှာ တစ်ဒေါ်လာ ၃၅၂၄ ကျပ်ဖြစ်သည်။ သို့သော် မြေပြင်အခြေအနေတွင်မူ ဒေါ်လာရောင်းမည်ဆိုပါက အဆိုပါဈေးနှုန်းဖြင့် ဝယ်ယူနေပြီး ဒေါ်လာဝယ်ယူမည်ဆိုပါက ဝယ်ယူလိုသည့်ပမာဏနှင့် အခြားအချက်လက်များကို တောင်းခံနေသည့်အပြင် မည်မျှရောင်းချပေးမည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသည်ကို တွေ့ရှိရသည်။

“ဝယ်မယ်ဆိုရင် ဘာလို့ဝယ်တာလဲ။ ဘယ်မှာသုံးမှာလည်းမေးပြီးတော့ ဒီဈေးနှုန်းနဲ့ဝယ်ပြီး အပြင်မှာ ပြန်ရောင်းတဲ့ ဈေးကွက်မဖြစ်အောင်လို့ပါ” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ Money Changer တစ်ခုမှ တာဝန်ရှိသူပြောသည်။

အထက်ပါ အခြေအနေများကြောင့် နိုင်ငံခြားငွေအသေးသုံး လိုအပ်သူများအနေဖြင့် ဒေါ်လာဈေးနှုန်းသည် ရွှေဈေးကွက်ကဲ့သို့ ရည်ညွှန်းရွှေဈေးသတ်မှတ်ပြီးနောက် ရောင်းဈေးနှင့်ဝယ်ဈေး ပုံစံနှစ်မျိုးဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

“ရွှေဈေးလို ဒေါ်လာဈေးကိုလည်း ရောင်းဈေးနဲ့ ဝယ်ဈေး နှစ်မျိုးဖြစ်လာမှာစိုးရိမ်ရတယ်။ ရောင်းရင် သတ်မှတ်ရည်ညွှန်းဈေးနဲ့ ရောင်းရပြီး ပြန်ဝယ်ရင် အပြင် Black Market ပေါက်ဈေးနဲ့ ဝယ်ရမယ်ပုံစံဖြစ်လာမှာကို စိုးရိမ်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ နိုင်ငံခြားခရီးစဉ်များအတွက် အသေးသုံးဒေါ်လာလိုအပ်သူတစ်ဦးက ပြောသည်။

ထို့ပြင် ပြည်တွင်းဘဏ်များ၏ Visa Card များအတွက် ဘဏ်များ၏ သတ်မှတ်နှုန်းထားမှာ တစ်ဒေါ်လာ ၅၃၀၀ အထိ သတ်မှတ်ပြီး ပြင်ပပေါက်ဈေးထက်ပင် မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိတွင် တစ်ဒေါ်လာ ကျပ် ၄၈၀၀ ဝန်းကျင်နှုန်းဖြင့် သတ်မှတ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“သတ်မှတ်ထားတာတော့မရှိဘူး။ အကြမ်းဖျင်းတော့ ၄၈၀၀ နဲ့ ၄၈၅၀ တော့ဖြစ်တယ်။ တစ်ဘဏ်နဲ့ တစ်ဘဏ်တော့မတူဘူး။ ကျွန်တော်သုံးတဲ့ဟာတော့ ၄၈၀၀၊ ၄၈၅၀ ပေါ့။ ပုံမှန်ရယ်လို့တော့ မဟုတ်ဘူး။ လက်ရှိပေါ့။ ၅၃၀၀ တော့မသိဘူး။ သူတို့ဘယ်ဘဏ်သုံးလဲမသိဘူး။ အခုသုံးနေတာက ဧရာဝတီ၊ CB၊ A bank၊ UAB၊ KBZ ဒါတွေသုံးတယ်” ဟု UMFCCI အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့သော် တချို့ဘဏ်များအနေဖြင့် တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်သို့ မြင့်တက်ခဲ့ပြီးနောက်ပိုင်း Visa Card များအတွက် ဘဏ်သတ်မှတ်နှုန်းဖြင့် မဆောင်ရွက်ပေးတော့ဘဲ ပြင်ပမှဒေါ်လာဝယ်ကာ Visa Card သို့ ထည့်သွင်းပေးခြင်းကိုသာ ဆောင်ရွက်ပေးကြောင်း သိရသည်။

“KBZ ဆို ဒေါ်လာဈေး ၅၀၀၀ ကျော်ကတည်းက ဘဏ်သတ်မှတ်ဈေးနဲ့ မထည့်ပေးတော့ဘဲ အပြင်က ဒေါ်လာဝယ်ပေးရတာ။ အဲဒါတောင် အကြွေဆိုမယူဘူး။ အနည်းဆုံး ၅၀ တန်မှလက်ခံတာ။ အဲဒါကြောင့် မထည့်ဖြစ်တာတောင်ကြာပြီ” ဟု တောင်ဒဂုံမြို့နယ်အတွင်းရှိ အွန်လိုင်းဈေးရောင်းသူတစ်ဦးက ပြောသည်။

ဘဏ်များအနေဖြင့် Visa Card များအတွက် ဒေါ်လာဈေးနှုန်းထား ဖွင့်လှစ်ရာတွင် ဗဟိုဘဏ်သတ်မှတ်ဈေးထက် ကျော်လွန်လုပ်ဆောင်၍မရသော်လည်း တချို့ဘဏ်များမှာမူ ဒေါ်လာနှုန်းထားကို လျှော့ချကာ Overseas Charges အဖြစ် ရာခိုင်နှုန်း ၂၀ ကောက်ခံနေမှုများလည်းရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးနှုန်းမှာ စက်တင်ဘာ ၂၄ ရက်တွင် တစ်ဒေါ်လာ ၅၁၀၀ ကျပ်၊ စက်တင်ဘာ ၂၅ ရက်တွင် တစ်ဒေါ်လာ ၅၀၇၀ ကျပ်၊ စက်တင်ဘာ ၂၆ ရက် (ယနေ့)တွင် တစ်ဒေါ်လာ ၅၀၂၀ ကျပ် ဖြစ်ပေါ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *