September 27, 2024

၂၆. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံအနေနဲ့ သမိုင်းတွင်မယ့်လုပ်ဆောင်မှုတစ်ရပ်လို့တောင် ဆိုရမယ့် လိင်တူစုံတွဲတွေအတွက် ဥပဒေကြောင်းအရ တရားဝင်လက်ထပ်မှုကိုခွင့်ပြုတဲ့ လိင်တူလက်ထပ်မှုခွင့်ပြုတဲ့ ဥပဒေကို ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက စက်တင်ဘာလ ၂၄ ရက်မှာ လက်မှတ်ထိုးထောက်ခံပြီး အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းဘုရင်က လက်မှတ်ရေးထိုးအပြီးမှာတော့ ဒီဥပဒေကို တော်ဝင်ပြန်တမ်းမှာ ပုံနှိပ်ထုတ်ဝေကာ ရက်ပေါင်း ၁၂၀ အကြာမှာ ဥပဒေက စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။

ဒါကြောင့်လည်း ထိုင်းနိုင်ငံရဲ့ LGBTQ+ စုံတွဲတွေအနေနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာဆိုရင် တရားဝင် လက်ထပ်ထိမ်းမြားနိုင်ကြတော့မှာဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့လည်း အာရှမှာ တရုတ်တိုင်ဝမ်နဲ့ နီပေါတို့ ပြီးရင် လိင်တူလက်ထပ်မှု တရားဝင်ခွင့်ပြုတဲ့ တတိယမြောက်နိုင်ငံဖြစ်လာပါတယ်။

ဒီဥပဒေအရ အမျိုးသားချင်းဖြစ်စေ၊ အမျိုးသမီးချင်းဖြစ်စေ လိင်တူလက်ထပ်ကြသူတွေအတွက် ဥပဒေကြောင်းအရ၊ ငွေရေးကြေးရေးအရနဲ့ ဆေးဘက်ဆိုင်ရာအခွင့်အရေးတွေကို အပြည့်အဝခွင့်ပြုပေးမှာဖြစ်ပြီး အောက်လွှတ်တော်မှာ ဧပြီလနဲ့ အထက်လွှတ်တော်မှာ ဇွန်လတို့က အတည်ပြုခဲ့တာပါ။ ဝန်ကြီးချုပ် ပေတုံတန်ကလည်း ဥပဒေကို အတည်ပြုအပြီးမှာ “အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်” လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ထိုင်းနိုင်ငံက မည်သူကိုမဆို ကြည်ဖြူစွာလက်ခံနိုင်ရေးနဲ့ တန်းတူညီမျှအခွင့်အရေးတွေရှိတယ်လို့ ဂုဏ်သတင်းထွက်တဲ့နိုင်ံငံပါ။ ဒါပေမယ့် လိင်တူလက်ထပ်မှုခွင့်ပြုသည့် ဥပဒေကိုအတည်ပြုနိုင်ရေးအတွက် ကြိုးစားလာကြတာတော့ ဆယ်စုနှစ်နဲ့ ချီလို့ ကြာပါပြီ။ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ လူ့အဖွဲ့အစည်းကဆိုရင်လည်း ရှေးရိုးစွဲယုံကြည်မှုတွေကို အများအပြားလက်ကိုင်ထားကြတာဖြစ်လို့ LGBTQ+ အသိုင်းအဝန်းကဆိုရင် နေ့စဉ်ဘဝမှာကို သူတို့ကိုခွဲခြားဆက်ဆံပြုမူမှုတွေနဲ့ ကြုံရတယ်လို့တောင် ပြောခဲ့ကြတာပါ။

ထိုင်းအစိုးရအဆက်ဆက်နဲ့ နိုင်ငံအဖွဲ့အစည်းတွေကလည်း သမိုင်းအစဉ်အလာအရ ရှေးရိုးဆန်တယ်လို့ ဆိုရမှာဖြစ်ပြီး လိင်ခွဲခြားမှုမရှိဘဲ သာတူညီမျှရှိရေးဆိုတာအတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေနဲ့ အစိုးရဝန်ထမ်းတွေကိုပါ တိုက်တွန်းပြောဆိုစည်းရုံးရာမှာ အတော့်ကို ခက်ခဲခဲ့တာပါ။

အာဏာရဖျူထိုင်းပါတီခေါင်းဆောင်တဲ့ လက်ရှိအစိုးရကတော့ လက်ထပ်ရာမှာ သာတူညီမျှရှိရေးကို ပါတီရဲ့ အဓိက ဆောင်ရွက်ရမယ့်ပန်းတိုင်တစ်ခုအဖြစ် ရည်မှန်းထားခဲ့တာပါ။ ဒါကြောင့်လည်း ဇွန်လအတွင်းကဆိုရင် နှစ်စဉ်ကျင်းပနေကြ ဘန်ကောက်မြို့မှာ LGBTQ+ ထောင်နဲ့ချီပြီး စုဝေးချီတက်ပွဲ အခမ်းအနားဖြစ်တဲ့ Bangkok Pride ကို ကျင်းပနိုင်ခဲ့ကြသေးတာပါ။

Bangkok Pride ကိုစီစဉ်ကျင်းပသူတွေကလည်း ဥပဒေစတင်အကျိုးသက်ရောက်တဲ့ ပထမဆုံးနေ့မှာပဲ တရားဝင်လက်ထပ်ပွဲကျင်းပလိုကြတဲ့ လိင်တူစုံတွဲတွေကို အခုကထဲက ကြိုတင်မှတ်ပုံတင်ထားကြဖို့ စည်းရုံးမှုပြုသွားမယ်လို့ လူမှုကွန်ရက်မှာ ရေးသားကြေညာခဲ့ပါတယ်။

ဒါကြောင့်လည်း လိင်တူလက်ထပ်မှုခွင့်ပြုတဲ့ ဥပဒေကို ဗုဒ္ဓဘာသာဝင်အများအပြားနေထိုင်ရာ ထိုင်းနိုင်ငံက အာဆီယံနိုင်ငံတွေမှာ ပထမဆုံးဖြစ်ပြီး အာရှမှာတတိယမြောက်နိင်ငံအဖြစ်အတည်ပြုခဲ့ခြင်းက ထူးခြားတဲ့လုပ်ရပ်တစ်ခုလို့ ဆိုရတော့မှာပါ။

Ref. CNN

Leave a Reply

Your email address will not be published. Required fields are marked *