September 27, 2024

၂၆.၉.၂၀၂၄
Written BY Zun

AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့ပေါ် သို့ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းအချိန်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခံခဲ့ရကြောင်း ဒေသခံများက MT News ကို ပြောသည်။

AA အဖွဲ့အနေဖြင့် သံတွဲမြို့ကို ထိန်းချုပ်ထားပြီး သံတွဲရဲစခန်းရှေ့ရှိ ယခင်ဘောလုံးကွင်းနေရာတွင် အသစ်တည်ဆောက်ထားသော မြို့နယ်ခန်းမ အဆောက်အဦသစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့တွင် AA လက်နက်ကိုင်များနှင့် မိသားစုဝင်များ အခြေချနေထိုင်နေစဉ် လေကြောင်းမှ တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် AA လက်နက်ကိုင်တို့၏ မိသားစုဝင်များ အဓိကထိခိုက်ပြီး သေဆုံးသူ အနည်းဆုံး ၁၀ ဦး ကျော်ရှိကာ ၂၀ ကျော်ဒဏ်ရာရခဲ့ ကြောင်း ဗိုလ်ချုပ်လမ်းတွင်နေထိုင်သူ သံတွဲမြို့ခံတစ်ဦးက MT News ကို ပြောသည်။

“ဟုတ်တယ်။ သေကြတာပေါ့။ ဒဏ်ရာလည်းရကြတယ်။ သေတာက ၁၀ ယောက်ကျော်တယ်လို့ ပြောတယ်။ ဒဏ်ရာကလည်း အယောက် ၂၀ လောက်ရှိတယ်တဲ့။ ကျွန်တော်တို့ကတော့ သွားမကြည့်ဘူး။ မိသားစုထဲမှာ အိမ်မှာကျန်တာဆိုလို့ ကျွန်တော်နဲ့ ကျွန်တော့်ယောက်ဖပဲ။ ကျန်တဲ့သူတွေက ရန်ကုန်မှာ။ ကျွန်တော်တို့သံတွဲမှာက အခု မြောက်ပိုင်းသားတွေ ရောက်လာတယ်။ မြောက်ပိုင်းသားဆိုကတည်းက AA တွေပေါ့။ သူတို့က သံတွဲကို ဘာလုပ်ဖို့ရောက်လာလဲ။ သံတွဲက နဂိုအတိုင်းဆိုရင် မြို့သူမြို့သားတွေ အေးအေးချမ်းချမ်းနေတဲ့ မြို့ပါ။ ရာဇဝင်ထဲက မြို့ပါ။ အာကာပျံဝဲ မြို့သံတွဲ ဆိုပြီးတော့ ရှေးရာဇဝင်မှာတောင်မှ ဘယ်သူမှ တိုက်ခိုက်လို့ မရတဲ့မြို့၊ အေးချမ်းတဲ့မြို့ဆိုပြီးတော့ နေလာခဲ့ကြတာ။ AA ကဝေး ဘယ်လောက်တောင် ပေါ် ပေါ်တင်တင်လဲဆိုရင် AA ဘက်က မိန်းမတွေ၊ သားသမီးတွေတောင်မှ ခေါ်လာပြီးတော့ နေကြတာ။ သူတို့က မြို့တော်ခန်းမမှာ စစ်ရှောင်တွေကို ထားသလိုလိုနဲ့ သူတို့ အပိုင်ပုံစံမျိုး နေထိုင်ကြတာ။ အခုက သံတွဲမှာ ဒေသခံတွေကအများစုက ရန်ကုန်ကိုတက်ကုန်ပြီ။ ကျန်တာ အနည်းစုပဲကျန်တယ်” ဟု ယင်းဒေသခံက MT News ကို ပြောသည်။

ရခိုက်လက်နက်ကိုင် AA ကို စက်တင်ဘာ ၂ ရက်က အကြမ်းဖက်အဖွဲ့အဖြစ် တစ်ကျော့ပြန်သတ်မှတ်ခဲ့ပြီးနောက် AA က သံတွဲမြို့ကို သိမ်းထားပြီဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်က ထုတ်ပြန်ကြေညာခဲ့သလို ယခုတိုက်ခိုက်မှုမှာ AA လက်နက်ကိုင်များ အထိနာခဲ့သော တိုက်ခိုက်မှုလည်းဖြစ်ခဲ့သည်။

ပုံစာ။ AA လက်နက်ကိုင်များ မိသားစုလိုက်စခန်းချနေသည့်နေရာကို ယနေ့တိုက်ခိုက်မှုမြင်ကွင်း (Photo – CJ & APM)

Leave a Reply

Your email address will not be published. Required fields are marked *