September 27, 2024

၂၆.၉.၂၀၂၄
Written By Thandar

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မေပန်းချီနဲ့ ခုနှစ်ရက်သားသမီးတို့က ညောင်ရွှေမြို့နယ်၊ အင်းလေးဘက်ရှိ ရေဘေးသင့်ကျေးရွာ ကယ်ဆယ်ရေးစခန်းတွေမှာ ဆန်၊ အဝတ်အထည်၊ စောင်၊ စားသောက်ကုန်နဲ့ ငွေကြေးတချို့ စတာတွေ ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ပန်းချီအနေနဲ့ တကယ်လိုအပ်နေတာတွေကို လစ်ဟာမှုမရှိအောင် သေချာလှူပေးနေပါတယ်။ တကယ်တော့ ခုနှစ်ရက်သားသမီးတွေရဲ့ အလှူငွေဖြစ်လို့ ပန်းချီအတွက် ပိုပြီးလည်း တာဝန်ကြီးပါတယ်။ ပန်းချီစိတ်ထဲမှာ ရေဘေးနေရာတွေကြည့်ပြီး တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ့်ဆီ ယုံကြည်ပြီးတော့ ပါဝင်လှူဒါန်းလာကြတဲ့ သူတွေအတွက်လည်း ကျေနပ်ပီတိဖြစ်ရတာပေါ့နော်။ ပန်းချီတို့လည်း ကိုဗစ်မှာ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရဖူးတာမို့လေ။ ငွေအားပဲလှူတာထက် လူကိုယ်တိုင်အားပေးစကားပြောရတော့ သူ့တို့တွေ တစ်ခဏတော့ စိတ်သက်သာရမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ သရုပ်ဆောင် မေပန်းချီ က ပြောပါ တယ်။

သူမနဲ့အတူ သရုပ်ဆောင် ဇွဲနိုင်ဝင်း၊ ပရဟိတသမားတွေက ညောင်ရွှေမြို့နယ်အတွင်းရှိ ရေဘေးသင့်နေရာတွေဖြစ်တဲ့ ရေဦး မင်္ဂလာကျောင်း၊ ဖွဲ့စင်းတောင်ရွာ၊ ဖွဲ့စင်းမြောက်ရွာ၊ ဖွဲ့စင်းကွေးရွာ၊ သာလေး မြောက်ကျောင်း၊ ကန်ခေါင်းရွာတွေမှာ ဆန်၊ ဆီ၊ ရေသန့်ဘူး၊ စောင်၊ ဆေး၊ ဓာတ်ဆားထုပ်၊ ဓာတ်မီး၊ ခေါက်ဆွဲခြောက်၊ အဝတ်အထည် စတာတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် အင်းလေးရှိ အလှူရှင်တွေအရောက်နည်းတဲ့ နေရာတွေမှာလည်း ခုနှစ်ရက်သားသမီးအလှူရှင်တွေရဲ့ ငွေကြေးတွေထဲက သိန်း ၃၀၀ ဝန်းကျင် အိမ်ခြေ (၁၀၀၀)စာကိုလည်း ဆန်၊ ဆီ၊ ဆေး ၊ ရေသန့်၊ အဝတ်အထည် အသုံးအဆောင်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်လို့ သိရပါတယ်။

သရုပ်ဆောင် မေပန်းချီကတော့ တောင်ငူမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ နေပြည်တော်၊ မြစ်သားမြို့နယ်တွေရှိ ရေဘေးသင့် ကျေးရွာဒေသတွေကို စားသောက်ကုန်၊ အဝတ်အထည်တချို့နဲ့ အလှူငွေစတာတွေ လှူဒါန်းခဲ့သလို မြန်မာနိုင်ငံ လူမှုကူညီရေးအဖွဲ့ချုပ်ကိုလည်း ကျပ်သိန်း ၃၀ ၊ ရခိုင်ပြည်နယ်ရေဘေးအတွက်လည်း ကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *