September 27, 2024

၂၆.၉.၂၀၂၄
Written by TZ

ရန်ကုန်-မန္တလေး အမြန်လမ်း ၁၂ မိုင်တွင် ကျွဲကိုရှောင်သည့် ခရီးသည်ယာဥ်တစ်စီး အရှိန်လွန်၍ လမ်းလယ်ကျွန်းအား တိုက်မိရာက ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင် ရန်ကုန်မှ မောင်းနှင်လာသည့် ဇေယျာမြိုင်ကြီးခရီးသည်တင်ယာဥ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်း ၁၂ မိုင်တွင် ကျွဲကိုရှောင်ရင်း အရှိန်လွန်၍ လမ်းလယ်ကျွန်းရှိ သစ်ပင်အားတိုက်မိခဲ့ကြောင်း၊ ထိုအချိန်တွင် ရေဘေးလှူပြီးပြန်လာသည့် ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်း၊ အေးမေတ္တာအသင်း၊ မေတ္တာအလင်းရောင်အသင်းတို့မှ ကူညီပေးခဲ့ကြောင်း သိရသည်။

“ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက် ဒဏ်ရာရတယ်။ ယာဥ်မောင်းကတော့ ညာဘက်ခြေထောက်ကျိုးတယ်။ ယာဥ်နောက်လိုက်ကတော့ ပွန်းပဲ့ဒဏ်ရာပဲရတာ။ ကားအရှေ့ခြမ်းကတော့ ပျက်စီးတယ်။ ခရီးသည်တွေကတော့ ဘာမှမဖြစ်ဘူး”ဟု ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဒဏ်ရာရရှိသူနှစ်ဦးကို လှည်းကူးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ကရုဏာတွဲလက်ရှင်ရေးနာရေးကူညီမှုအသင်း

Leave a Reply

Your email address will not be published. Required fields are marked *