September 27, 2024

၂၆.၉.၂၀၂၄
Written By Zun

AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ ဗုံးကြဲခံရ၍ AA အဖွဲ့က ဆယ်နှင့်ချီ၍ သေဆုံးဒဏ်ရာရခဲ့ကြကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၅ ရက်၊ ညနေ ၄ နာရီခန့်အချိန်က ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ကမ်းထောင်းကြီးမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် AA ရုံးစိုက်ထားသော ယခင် စရဖရုံးနှင့် လက်ရှိတွင် AA က မြေယာစိစစ်ရေးရုံးဟု လုပ်ဆောင်ထားသည့် ယခင် အထွေထွေအုပ်ချုပ်ရေး ရိပ်သာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်ခံရမှုကြောင့် AA အဖွဲ့မှ ဆယ်ချီသေဆုံးခဲ့ကာ ဒဏ်ရာရသူ အများအပြားရှိကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများများထံမှ MT News က စုံစမ်းသိရှိရသည်။

နစကနှင့်နီးစပ်သည့်မီဒီယာများတွင် AA အကြမ်းဖက် ၆၀ ကျော်သေဆုံးသွားကြောင်း မြေပြင်သတင်းရင်းမြစ်များကို ကိုးကား၍ ရေးသားနေကြသည်ကိုလည်း တွေ့ရသည်။

သို့သော်လည်း AA အဖွဲ့ကို ဘက်လိုက်ရေးသားသော မီဒီယာအချို့တွင် အရပ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရသည်ဟုလည်းကောင်း၊ အရပ်သား ၄ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရသည်ဟုလည်းကောင်း၊ ဗုံးကြဲခံရသည်မှာ ကမ်းထောင့်ကြီး အလယ်ပိုင်းရပ်ကွက်ရှိ မြောက်ဘက်ဘုန်းတော်ကြီးကျောင်းအနီးတွင်တစ်လုံး၊ မြို့ပြင်ရှိ လေးဝတီဘုန်းတော်ကြီးကျောင်းအနီးတွင် တစ်လုံးနှင့် ရဲစခန်းအနီးတွင် နှစ်လုံး ကျရောက်ခဲ့ကြောင်း ဖုံးကွယ်ရေးသားနေကြသည်ကို တွေ့ရသည်။

“ဗုံးချတာ ၄ လုံးလောက်ရှိတယ်။ လူ ၁၀ ယောက်လောက်တော့ ထိတယ်လို့လည်း ပြောနေကြတယ်။ AA က သူတို့ဖက်က ထိရင် အလောင်းကို မရ ရအောင်ယူတာမျိုးရှိတယ်။ သူတို့က ကမ်းထောင်းကြီး(ကမ်းထောင့်ကြီး) မှာ နေရာယူထားတာက အစိုးရအဆက်ဆက် ရုံးလုပ်တဲ့ အဆောက်အအုံတွေမှာပါ။ ပြီးတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို အကာ အကွယ် ယူတယ်။ တပ်ဖက်က လေကြောင်းနဲ့ တိုက်ရင် ဘုန်းကြီးကျောင်းကို ပစ်တာပါ။ စာသင်ကျောင်းကို ပစ်တာပါလို့ အသံ ကောင်းဟစ်တာပါ။ အဲဒီလို လုပ်ဖို့ အကာအကွယ်လုပ်ထားတဲ့သဘောပါ၊ ကမ်းထောင်းကြီးဆိုတာ မြေပုံမှာအကြီးဆုံး။ ရွာကြီးကနေ မြို့ဖြစ်သွားပြီ”ဟု အဆိုပါ ရခိုင်ပြည်နယ် လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

ကမ်းထောင်းကြီးမြို့သည် မြို့နယ်ခွဲဖြစ်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၏ မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက် ညနေပိုင်းကလည်း AA ထောက်ပို့စခန်းချရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲ ရာမမြို့နယ်ခွဲကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် လူသေဆုံးမှုရှိခဲ့ကာ AA ၏ ထောက်ပို့ပစ္စည်းများထားရာ အဆောက်အအုံအချို့ ပျက်စီးသွားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *