September 27, 2024

၂၆.၉.၂၀၂၄
Written by TZ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ သံဂတ္တရွာတွင် ကျွဲကျောင်းသည့် အမျိုးသားတစ်ဦး ကျွဲခတ်ခံရ၍ ဗိုက်ပွင့်ပြီး အူများထွက်နေသဖြင့် ကုသရန် အကူအညီလိုအပ်နေကြောင်း သိရသည်။

ယင်းဖြစ်စဥ်မှာ စက်တင်ဘာလ ၂၅ ရက် ည ၆ နာရီအချိန်တွင်ဖြစ်ပွားခဲ့ပြီး ကျွဲခတ်ခံရမှုကြောင့် သံဂတ္တရွာမှ လှေတစ်တန်၊ ကုန်းတစ်တန်ဖြင့် လူနာကို ဝါးလုံးတန်းဖြင့်ထမ်းပိုးကာ ဂွဆေးရုံသို့ရောက်ရှိလာကြောင်း၊ ထိုဆေးရုံမှာပိတ်ထားသောကြောင့် ထာဝရမေတ္တာနာရေးကူညီမှုအသင်းသို့ အကူအညီတောင်းပြီး လူနာကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ရှိ ငါးသိုင်းချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“သူကျွဲကျောင်းတဲ့အနားကို တခြားကျွဲရောက်လာတော့ သူ့ကျွဲကိုခတ်မှာစိုးလို့ သွားလုပ်တာ အဲ့ဒီမှာ တခြားကျွဲကခတ်လိုက်တာလို့ ပြောတယ်။ ဂွဆေးရုံဖွင့်တယ်ဆိုပြီးလာတာ။ ဆေးရုံက ၃ လဝန်းကျင်လောက်ရှိပြီ ပိတ်ထားတာ။ သူတို့အကူအညီတောင်းတော့ အသင်းကားတွေက ငါးသိုင်းချောင်းကို လူနာပို့နေတော့ အသိတုတ်တုတ်ကိုအကူအညီတောင်းပြီး ပို့ခိုင်းတာ။ ပြီးမှ ကျွန်တော်တို့အသင်းကားနဲ့ တုတ်တုတ်ရောက်တဲ့နေရာကို ဆင်းကြိုပြီး ငါးသိုင်းချောင်းဆေးရုံကိုပို့လိုက်ပါတယ်။ ခွဲစိတ်ပြီးလို့ လူနာသက်သာတယ်” ဟုထာဝရမေတ္တာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ကျွဲခတ်ခံရသည့် အမျိုးသားကြီးမှာ အသက် (၆၀) ကျော်ရှိပြီး ၎င်းမှာစီးပွားရေးအစဥ်မပြေသောကြောင့် ဆေးကုသရန် ငွေကြေးအခက်အခဲဖြစ်နေကြောင်း ၎င်းကိုမိဘပြည်သူများအနေဖြင့်လှူဒါန်းလိုပါက ထာဝရမေတ္တာနာရေးကူညီမှုအသင်း ဖုန်း ၀၉-၆၈၀၃၂၂၃၈၃ နှင့် ၀၉-၂၅၀၁၂၄၂၇၆ တို့အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Photo – Ko Gyi Kyaw

Leave a Reply

Your email address will not be published. Required fields are marked *