September 26, 2024

၂၆. ၉. ၂၀၂၄
Written by Thettant

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုရရှိစေရန် အဆင့်လိုက်ဆောင်ရွက်သွားရမည့် အရေးကြီးသော အချက်မှာ မည်သူကမျှ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ပင်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ပ်ကို ပြောကြားလိုက်သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်၊ နယူးယောက်မြို့၊ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်ရက်သတ္တပတ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sergey Vasilievich VERSHININ သည် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop တောင်းဆိုမှုအရ လက်ခံတွေ့ဆုံခဲ့ရာတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဂျူလီဘိရှော့ပ်ကို မြန်မာ့ပြည်တွင်းရေးဝင်မစွက်ဖက်ရေးနှင့်စပ်လျဥ်းပြီး ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြရာ နိုင်ငံတွင်းတည်ငြိမ်အေးချမ်းရေးရရှိစေမည့် အလားအလာများကိုလည်း ဆွေးနွေးတိုင်ပင်ကြပြီး ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ကုလသမဂ္ဂ မြန်မာအထူးကိုယ်စားလှယ်အား
မြန်မာနိုင်ငံပြည်တွင်း တည်ငြိမ်အေးချမ်းမှုရရှိစေရေး အဆင့်လိုက်ဆောင်ရွက်သွားရမည့် အရေးကြီးသော အချက်မှာ မည်သူကမျှ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ပင် ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၏ အဖြေနှင့် နည်းလမ်းကို ရှာဖွေသူမှာ မြန်မာနိုင်ငံသားများကိုယ်တိုင်ပင်ဖြစ်သင့်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ကိုယ်တိုင် အကူအညီတောင်းခံလာမှသာလျှင် အကြံပေးမှုဖြင့်သာ ကူညီသင့်ကြောင်း အကြံပြု ပြောကြားခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး ယမန်နေ့တွင် SAC က MNDAA နှင့် TNLA တို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်စေရန် မြန်မာအစိုးရကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် အမေရိကန်မှ NUG သို့ နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *