September 26, 2024

၂၅.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာအစိုးရနှင့် အခြားသက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထိခိုက်လွယ်သော အဖွဲ့အစည်းများထံ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းများ ကူညီပေးပို့မှုများကို ဟန့်တားမှုမရှိဘဲ ဘေးကင်းလုံခြုံမှုများဖြစ်လာစေရန် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ဗြိတိန်နိုင်ငံ၏ လူအခွင့်အရေးဆိုင်ရာ သံအမတ်ကြီး အီလန်နာဆန်ဒါးစ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာပြည်သူများသည် လက်ရှိအချိန်တွင် ရေကြီးမှုဒဏ်၊ အစားအစာမလုံခြုံမှုမြင့်တက်ခြင်းအပြင် ကျန်းမာရေးဝန်ဆောင်မှုများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများလိုအပ်နေသည့် သက်ရောက်မှုများကို တွေ့ကြုံခံစားနေရကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။

ဗြိတိန်အစိုးရအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ပေါင်သန်း ၄၀ ကျော် ကူညီထောက်ပံ့ပေးမည်ဖြစ်သလို အခြားငွေကြေးချမ်းသာသော နိုင်ငံများအနေဖြင့်လည်း တတ်စွမ်းသရွေ့ ပိုမိုကူညီထောက်ပံ့ပေးစေလိုကြောင်း ဗြိတိန်သံအမတ်ကြီး ဆန်ဒါးစ့်က ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီအစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိအချိန် မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုနှင့် လူအခွင့်အရေး အခြေအနေများ လိုအပ်ချက် မြင့်တက်နေကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လအတွင်း လူပေါင်း ၄၂၀၀၀ ကျော်နေရပ်စွန့်ခွာခဲ့ရပြီး အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တစ်လအတွင်း နေရပ်စွန့်ခွာခဲ့ရမှုအများဆုံးဖြစ်ခဲ့ကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောသည်။မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားလာခဲ့သောလက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်းသန်းချီ နေရပ်စွန့်ခွာနေထိုင်နေရချိန်တွင် စက်တင်ဘာလအတွင်း လူပေါင်းသိန်းချီနေရပ်စွန့်ခွာစေခဲ့သောရေကြီးမှုများ ထပ်မံဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

REF , Uknews

Leave a Reply

Your email address will not be published. Required fields are marked *