September 26, 2024

၂၅.၉.၂၀၂၄
Written by Hey Mar

ကြက်ဖမ်းတဲ့ခြင်းတွေ တင်လာတဲ့ကားနဲ့ စီပီအစာတင်လာတဲ့ကား ကွေ့ကြောမှာ ချိတ်မိရာက နှစ်စီးစလုံး တိမ်းမှောက်ကာ လူခြောက်ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၂၅ ရက် ညနေ ငါးနာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကြက်ခြင်းတွေ တင်လာတဲ့ ကား‌က ခြင်းတွေပေါ်မှာ ထိုင်စီးပြီးလိုက်လာတဲ့ အလုပ်သမားတွေနဲ့ နှစ်ဖက်ယာဉ်မောင်းတွေ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာလို့ မြင့်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ အသင်းတာဝန်ရှိသူက ” ကြက်ခြင်းတွေပေါ်ထိုင်လိုက်လာသူတွေက ယာဉ်နှစ်စီး ငြိတော့ ကားပေါ်က ပြုတ်ကျတဲ့အရှိန်နဲ့ ခြေကျိုး ၊ လက်ကျိုး ၊ ခေါင်းကွဲတဲ့ ဒဏ်ရာ‌တွေရတယ်။ အစာတင်လာတဲ့ ကားထဲက ယာဉ်မောင်း ညပ်နေလို့ ထုတ်ရတယ်။ စုစုပေါင်း အမျိုးသားခြောက်ဦးဒဏ်ရာရတာကို အသင်းက ကားနဲ့ မှော်ဘီဆေးရုံပို့ပေးခဲ့ပေမယ့် ဆေးရုံက ရန်ကုန်ဆေးရုံကြီးဆီ ငါးဦးထပ်လွှဲလို့ ပို့ဆောင်ပေးခဲ့ပါတယ် ” လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *