September 26, 2024

◾ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်အရ မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟုပါ ပြော

၂၅. ၉. ၂၀၂၄
Written by Nyein Kyaw

မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်လည် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၉၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၅၅ ဦးတို့ကို ငွေကြေး၊ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်‌ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်အိမ်ရာအနီးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်နေသည်ဆိုသည့် သတင်းအရ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ စသည့် ပူးပေါင်းအဖွဲ့တို့က စက်တင်ဘာ ၂၃ ရက်တွင် အဆိုပါနေရာအား ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ ဝင်ရောက်ဖမ်းဆီးရာတွင် မူဆယ်မြို့ရှိ ပြည်သူ့စစ်မန်ပိန်းအဖွဲ့မှ စတင်ပစ်ခတ်ကာ ဟိုဆောင်နယ်မြေဘက်သို့ ထွက်ပြေးခဲ့မှုကြောင့် စစ်သည်များနှင့် အရာရှိအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါနေ့တွင် ကျားဖြန့်လုပ်ငန်း လုပ်ဆောင်နေသူများနှင့် စက်ပစ္စည်းများနှင့် လက်နက် ၅ လက်တို့ကို ဖမ်းမိခဲ့သည့်အပြင် စက်တင်ဘာ ၂၄ ရက် (ယမန်နေ့)တွင်လည်း ဆက်လက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်‌နေ့ နှစ်ရက်ပေါင်း ဖမ်းဆီးရမိမှုအနေနဲ့ တရုတ်နိုင်ငံသား အမျိုးသား ၁၈၈ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၉၄ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆၀ ဦး၊ အမျိုးသမီး ၂၉၅ ဦး စုစုပေါင်း ၃၅၅ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီလောင်းကစားမှာ အသုံးပြုတဲ့ ဖုန်း ၅၈ လုံးအပါအဝင် ဆက်စပ်ပစ္စည်းအချို့ ဖမ်းဆီးရမိခဲ့ပါတယ်။ တရုတ်ယွမ်ငွေ ၇ သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အညီ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းမှု ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျန်သူများကတော့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် မြန်မာနှင့်တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်အရ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်ထွန်းက ပြောကြားသည်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအနေနဲ့ နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို၊ လုံခြုံရေးလုပ်ငန်းများကို နှစ်နိုင်ငံခေါင်း‌ဆောင်များရဲ့ သဘောတူချက်နဲ့အညီ၊ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *