September 26, 2024

◾ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်မှာ ယနေ့အထိ မကျိုးပေါက်ဟုပါ ဆို

၂၅. ၉. ၂၀၂၄
Written by Zaw Moe

MNDAA နှင့် TNLA တို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်စေရန် မြန်မာအစိုးရကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် အမေရိကန်မှ NUG သို့ နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

“MNDAA နှင့် TNLA လက်နက်ကိုင်သောင်းကျန်းသူတို့သည် NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ပြီး မြန်မာအစိုးရအား တိုက်ခိုက်သည်။ NUG သည် အမေရိကန်၏ အထောက်အပံ့ကို နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေသည်။ အမေရိကန်မှ မြန်မာ့ပြည်တွင်းရေး မတည်မငြိမ်ဖြစ်အောင် နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ ခန့်ကို သုံးစွဲနေသည်မှာ ထင်ရှားသည်။ မြန်မာ့ပြည်တွင်းရေးကို အမေရိကန်က ထိုသို့ ငွေကုန်ခံဆောင်ရွက်နေခြင်းမှာ မြန်မာနိုင်ငံအတွင်း အမေရိကန်၏ အကျိုးစီးပွားများရှိ၍မဟုတ်ပေ။ ၎င်းတို့၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံအား ထိုးနှက်နိုင်ရန်သာ ဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး အဓိကဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်းများစွာရှိသည်။ တရုတ်နိုင်ငံအား ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံအား ပစ်မှတ်ထားနေခြင်းဖြစ်သည်။” ဟု ဖော်ပြထားသည်။

ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာ့အရေးနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်များကို ကမ္ဘာသိချပြခဲ့ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကိုလိုလားပြီး အိမ်နီးချင်းကောင်းပီသသည့် မိတ်ဆွေအစစ်ဖြစ်ကြောင်း ဖော်ပြသွားခဲ့သည်။

ထိုအရာနှင့် ဆန့်ကျင်ဘက်အဖြစ် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိနေသည့် ကာလအတွင်း NUG မှ ခေတ္တသမ္မတဆိုသူ ဒူဝါလရှီးလနှင့် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူ ဆူလီဗန် ၊ USAID မှ ချီဖာတို့သည် Online မှ တွေ့ဆုံဆွေးနွေးပြီး အစိုးရကို တော်လှန် တိုက်ခိုက်ရန်အတွက် အထောက်အပံ့နှင့် အကူအညီများကိစ္စဆွေးနွေးကာ မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းစေရန် ကြိုးပမ်းလုပ်ဆောင်နေခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းစေလိုသည်မှာ NUG အုပ်စုနှင့် ၎င်းတို့ကို ထောက်ပံ့ ပေးနေသော အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုသာဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာ့အိမ်နီးချင်းကောင်းပီသစွာ မြန်မာအစိုးရဘက်မှ အပြည့်အဝရပ်တည်ပြီး ကူညီပေးခဲ့သည့်အပြင် နယ်စပ်ဒေသတစ်လျှောက်ရှိ NUG လက်ဝေခံ MNDAA နှင့် TNLA လက်နက်ကိုင် သောင်းကျန်းသူအား ဖိအားပေးကာ နယ်စပ်ဂိတ်များကို ပိတ်ဆို့ခြင်းအပါအဝင် သောင်းကျန်းသူများ အပေါ်အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ထိုသို့ နယ်စပ်ဒေသတစ်လျှောက်ရှိ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများအပေါ် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်လည်ရရှိရေးအတွက်သာ ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် နှစ်ဦးကာလတွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လွတ်လပ်ရေးကြေညာခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းကို အာရှတိုက်ရှိ မည်သည့်နိုင်ငံမှ အသိအမှတ်မပြုသေးမီ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကအသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်” (The five Principles of Peaceful Coexistence) ကို ကမ္ဘာသို့ နှစ်နိုင်ငံပူးတွဲကြေညာထုတ်ပြန်ခဲ့ပေသည်။ ထိုမူကြီး (၅) ရပ် စတင်ကြေညာသည့် ၁၉၅၄ ခုနှစ်မှ နောင်နှစ်ပေါင်းများစွာအထိ စာနယ်ဇင်းများက “နိုင်ငံရေး ငါးပါးသီလ” ဟု သုံးစွဲခဲ့ကြသည်။

အဆိုပါမူကြီး ၅ ရပ်မှာ (က) နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်ပယ် တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြား တစ်နိုင်ငံက လေးစားရန်၊ (ခ) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်ရန်စ တိုက်ခိုက်မှုမပြုလုပ်ရန်၊ (ဂ ) နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန်၊ (ဃ) နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအဆင့်အတန်းချင်း တူညီမှုရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်၊ (င) နိုင်ငံရေးစနစ်ချင်း ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ဆက်ဆံ ပေါင်းသင်းနေထိုင်ကြရန်တို့ဖြစ်သည်။

ယခုအခါတွင် ရွေးကောက်ပွဲမဲခိုးပြီး နိုင်ငံတော်အာဏာကို အဓမ္မရယူချင်သည့် NLD ပါတီမှ အကြမ်းဖက် သမားများနှင့် အနောက်အုပ်စု အထောက်အပံ့ယူ ပြည်ဖျက်မီဒီယာများသည် အိမ်နီးချင်းတရုတ်နိုင်ငံ၏ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်” အပေါ် နှစ်နိုင်ငံပြည်သူများ၊ အထူးသဖြင့် မြန်မာပြည်သူများကို အထင်အမြင်လွဲမှားစေမည့် ဝါဒဖြန့်ချိမှုများကို အချိန်နှင့်တစ်ပြေးညီ လှုံ့ဆော်လျက်ရှိကြောင်း ဖော်ပြထားသည်။

အဓိကအားဖြင့် MNDAA ၏ ထုတ်ပြန်ကြေညာချက်သည် NUG အပါအဝင် အနောက်အုပ်စု အတွက်တော့ ၎င်းတို့ မလိုချင်သည့် အဖြေတစ်ခုပင်ဖြစ်သည့်အတွက် အနောက်အုပ်စု အထောက်အပံ့ယူ ပြည်ဖျက်မီဒီယာတွေမှာ နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်စေမည့် ဝါဒဖြန့်သတင်းများ၊ ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်သည့် ပြည်တွင်းစစ်မီးကို ဆက်လက်တောက်လောင်စေရန် အမျိုးမျိုးထုတ်လွှင့်နေမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ စစ်မှန်သည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်” နှင့်အတူ နှစ်နိုင်ငံအစိုးရ၊ နှစ်နိုင်ငံပြည်သူများက ယခုထက်ပိုမို ချစ်ကြည်ရင်းနှီးပြီး အစဉ်ထာဝရလက်တွဲမဖြုတ်ဘူးဆိုသည်မှာ အကြမ်းဖက်သမားများအတွက်တော့ ဤမူကြီး (၅)ရပ်သည် နိမိတ်ဆိုးကြီးဖြစ်နေသည်မှာ ဧကန်မလွဲပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *