September 26, 2024

၂၅.၉.၂၀၂၄
Translated by HtweKo Tun

ရုရှားနဲ့ ယူကရိန်းအကြား ဖြစ်ပေါ်လာရတဲ့ ပဋိပက္ခက သုံးနှစ်နီးပါးကာလသို့ ချဉ်းကပ်လာနေပါပြီ။ ဒီအချီန်ထိ ဘယ်ဘက်ကမှ ပြတ်ပြတ်သားသား အနိုင်မရသေးပေမယ့် စစ်ကြောင့် နှစ်ဖက်စလုံးက ပြည်သူတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒီထဲကမှ မိမိတို့ အိုးအိမ်တွေကို စွန့်ခွာလို့ စစ်ဘေး ရှောင်ထွက်ပြေးရင်း ပြည်တွင်းပြည်ပမှာ ဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူတွေရဲ့ ဘဝကို လေ့လာ တင်ပြလိုပါတယ်။

နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ကြာရှည်လာခဲ့တာနဲ့အမျှ ဥရောပတိုက်အတွင်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေရတဲ့ ယူကရိန်းပြည်သူ စစ်‌ဘေးဒုက္ခသည်တွေရဲ့ သန်းနဲ့ချီတဲ့ အရေအတွက်က တစ်စတစ်စတိုးပွားလို့သာ လာနေပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ပွားရာဒေသတွေက ယူကရိန်းပြည်သူတွေဟာ မိမိတို့အိုးအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးကြရတာပါ။ ဒီထဲမှာမှ လေးပုံတစ်ပုံခန့်ကတော့ အခုအခါဆိုရင် အိုးမဲ့အိမ်မဲ့ အခြေအနေ ဒါမှမဟုတ် အရေးပေါ်ခိုလှုံဖို့နေရာတွေမှာပဲ ဖြစ်သလို နေနေကြရပါတယ်။

ယူကရိန်းနိုင်ငံအတွင်း အိုးမဲ့အိမ်မဲ့ဖြစ်နေရသူဘယ်လောက်ရှိမလဲဆိုတာ အရေအတွက် အတိအကျတော့ မသိနိုင်သေးပါဘူး။ ဒါပေမယ့် Charity Depaul International အဖွဲ့ရဲ့လေ့လာဆန်းစစ်ချက်အရတော့ ပဋိပက္ခစတင်ဖြစ်ပွားစဉ်ကစလို့ ယူကရိန်းပြည်တွင်းမှာ ပြည်သူ ၃ ဒသမ ၅ သန်းကျော်ခန့်က စစ်ဘေး ရှောင်ရင်း အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေရပြီး ယူကရိန်းပြည်သူ ၆ ဒသမ ၂ သန်းခန့်ဟာလည်း ဥရောပတိုက်နိုင်ငံတွေအတွင်း အိုးအိမ်မဲ့ဘဝနဲ့ ရောက်ရှိနေကြရတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ရဲ့ ယူကရိန်းဆိုင်ရာအဖွဲ့ခွဲဖြစ်တဲ့ Depaul Ukraine ရဲ့ ယာယီအမှုဆောင်ချုပ်ဖြစ်တဲ့ Anna Skoryk က “နေ့တိုင်းလိုလို လူတွေဟာ သူတို့အိမ်တွေကနေထွက်ပြေးနေကြရတယ်။ သူတို့အိမ်တွေကလည်း ရှေ့တန်းစစ်မြေပြင်နဲ့ အရမ်းနီးတာကိုး။ ဒီတော့ ကျွန်တော်တို့လည်း သူတို့ကို မကူညီနိုင်ဖြစ်နေရတယ်”လို့ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ချက်မှာလည်း စစ်ပွဲအတွင်း အိမ်ခြေ နှစ်သန်းလောက် ပျက်စီး ဒါမှမဟုတ် ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

Depaul Ukraine ရဲ့လေ့လာချက်အရ ဒီလို အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ယူကရိန်းပြည်သူတွေရဲ့ ၆၉ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ပြီး ထက်ဝက်ခန့်ဟာ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားရှိတယ်လို့ ဆိုပါတယ်။ အမျိုးသမီးနဲ့ကလေးတွေကိုတော့ ယာယီခိုလှုံရန်နေရာများ၊ အထောက်အပံ့များကို အမျိုးသားများထက် ပိုရအောင်ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေအများစုကတော့ ယူကရိန်းရဲ့စစ်မှုထမ်းဥပဒေအရ နိုင်ငံအတွင်းက ထွက်ခွာခွင့်မရှိသူတွေလို့လည်း ဆိုပါတယ်။

အခုဆိုရင် စစ်ပွဲက သုံးနှစ်ပြည့်ဖို့ လအနည်းငယ်သာလိုပါတော့တယ်။ ဒီအချိန်မှာ ပြည်ပနိုင်ငံများကို ရောက်နေကြတဲ့ စစ်ဘေးရှောင်ယူကရိန်းပြည်သူ ခြောက်သန်းခန့်အတွက် အထောက်အပံ့တွေကလည်း တစ်စတစ်စလျော့နည်းလာနေပါတယ်။ ဒါ့ပြင် သူတို့တွေအားလုံးက နေထိုင်စရာမရှိတဲ့ အိုးမဲ့အိမ်မဲ့ဘဝတွေကို ရောက်နေကြရတာပါ။

ဟန်ဂေရီမှာဆိုရင် ဟန်ဂေရီအစိုးရက ထောင်ပေါင်းများစွာသော ယူကရိန်းစစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အိမ်ရာအထောက်အပံ့အစီအစဉ်ကို မကြာခင်ကအဆုံး သတ်လိုက်ပါပြီ။ ပြီးတော့ ဒုံးကျည် တိုက်ခိုက်မှုတွေကြားကပဲ ယူကရိန်းနိုင်ငံအနောက်ပိုင်းနေရာအချို့ကို နေထိုင်ရန် လုံခြုံတဲ့နေရာတွေအဖြစ်သတ်မှတ်ကာ ယူကရိန်းပြည်သူတွေ ကိုယ့်နိုင်ငံကိုယ်ပြန်ကြဖို့ ဟန်ဂေရီအစိုးရက ကြိုးစားလာပါတယ်။

ယူနိုက်တစ်ကင်းဒမ်း မှာလည်း ယူကရိန်းစစ်ဘေးဒုက္ခသည်မိသားစု ၉,၀၀၀ ကျော်ဟာ အိမ်ရှင်နိုင်ငံရဲ့ နေ ထိုင်ရန်နေရာထောက်ပံ့မှု လျော့နည်းလာတဲ့အပြင် ဒေသခံအာဏာပိုင်တွေဆီက အထောက်အပံ့တွေ လျော့နည်းတာနဲ့လည်း ရင်ဆိုင်နေရတော့ အိုးမဲ့အိမ်မဲ့ ဘဝရောက်ကြရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်။ ဥရောပတိုက်တခွင်မှာလည်း ယူကရိန်းဒုက္ခသည်တွေဟာ သူတို့အတွက် ဥရောပသမဂ္ဂ ဥပဒေတွေအရ ပေးတဲ့ အကာအကွယ်နဲ့ ကတိပြုထားတဲ့အထောက်အပံ့တွေကို ဗျူရိုကရက်ဆန်တဲ့ အတားအဆီးတွေနဲ့ ဟန့်တားမှုကိုပါကြုံနေကြရပြန်ပါတယ်။

ပိုလန်နိုင်ငံဆိုရင် ယူကရိန်းဒုက္ခသည်တစ်သန်းနီးပါးကို ပထမဆုံး လက်ခံခဲ့တဲ့နိုင်ငံဖြစ်ပေမယ့် ခုဆိုရင် အစိုးရရဲ့ ဒုက္ခသည်တွေအပေါ် လူမှုထောက်ပံ့ကြေးတွေများလာနေမှာကိုစိုးရိမ်ပြီး ပိုလန်ပြည်သူလူထု သဘောထားကလည်း ပြောင်းလဲလာနေပါတယ်။ စက်တင်ဘာလအတွင်းမှာ ပိုလန်နိုင်ငံက ဒုက္ခသည်တွေအနက် စစ်မှုထမ်းနိုင်တဲ့အရွယ်အမျိုးသားတွေကို ထောက်ပံ့ ကြေးပေးမှုကို ရပ်ဆိုင်းဖို့တောင်းဆိုခဲ့ပါတယ်။ ဒါက ယူကရိန်းနိုင်ငံအတွင်း စစ်မှုထမ်းရန်ရှောင်တိမ်းမှုကို အားပေးရာရောက်မယ်လို့လည်း ဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဥရောပနိုင်ငံတွေကို ရောက်ရှိနေတဲ့ ယူကရိန်းစစ်ဘေးရှောင်ပြည်သူတွေအဖို့ကတော့ နေထိုင်စရာနေရာ မလုံလောက်ဖြစ်ကာ လမ်းတွေပေါ်မှာဖြစ်သလိုနဲ့ အိုးမဲ့အိမ်မဲ့ဘဝရောက်သူတွေ ပိုလို့များနေတယ်လို့ဆိုပါရစေ။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *