September 27, 2024

၂၅.၉.၂၀၂၄
Translated by HtweKo Tun

မလေးရှားနိုင်ငံ၊ မြို့တော်ကွာလာလမ်ပူတွင် လူစည်ကားရာလမ်းတစ်ခု၌ လမ်းဘေးပြိုကျမှုဖြစ်ကာ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားအမျိုးသမီးတစ်ဦးမှာ ဖြစ်ပေါ်လာသော တွင်းနက်ကြီးတစ်ခုအတွင်း ကျရောက်ပျောက်ဆုံးမှုတစ်ရပ် ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလ ၂၅ ရက်တွင်လည်း ကွာလာလမ်ပူမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်းအပြင်ဘက်အနီးတွင် အလားတူတွင်းနက်ကြီးတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရပြန်ကြောင်း သိရသည်။

ယခုအကြိမ်တွေ့ရသော တွင်းနက်ကြီးက ငါးမီတာခန့်ကျယ်ကာ တစ်မီတာခန့်နက်ကြောင်းလည်း တိုင်းတာတွေ့ရှိခဲ့ကြသည်။ စစ်ဆေးချက်များအရ ကွာလာလမ်ပူလေဆိပ်မှ အညစ်အ‌ကြေးပြွန်တစ်ခုကိုလည်း တွင်းနက်ကြီးအနီးတွေ့ရှိခဲ့ရာ ထိုအညစ်အကြေးပြွန် ပြည့်လျှံပွင့်ထွက်မှုက ဤကဲ့သို့တွင်းနက်ကြီးကို ဖြစ်ပေါ်စေခဲ့သလားဟု သံသယရှိဖွယ်ဖြစ်ခဲ့ရသည်။

ထိုကဲ့သို့ တွင်းနက်ကြီးဖြစ်နေသောနေရာကို ပိတ်ဆို့ထားသော်လည်း လေဆိပ်သို့လမ်းကိုမူ ယာဉ်များ သွားလာနိုင်ကြောင်း သိရသည်။

ဩဂုတ်လအတွင်းက ကွာလာလမ်ပူမြို့လယ် လမ်းတစ်ခု၌ လမ်းလျှောက်သွားလာနေစဉ် ရုတ်တရက် လမ်းပြိုကျ၍ ကျရောက်ပျောက်ဆုံးခဲ့သော အိန္ဒိယနိုင်ငံသားအမျိုးသမီးဆိုလျှင် ရက်ပေါင်းများစွာ ပြန်လည်ရှာဖွေခဲ့ကြသော်လည်း လုံးဝရှာမတွေ့သည့်အဖြစ်သို့ ရောက်ခဲ့ရသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *