September 27, 2024

၂၅.၉.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်အချို့အတွင်း AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အခြေစိုက်ရာနေရာများ လေကြောင်း တိုက်ခိုက်ခံရကြောင်း ဒေသခံများက MT News ကို အတည်ပြု ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၂၄ ရက် ည ၉ နာရီကျော်အချိန်က ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ မကြာသေးခင်ကမြို့နယ်ခွဲအဆင့် မြှင့်တင်ထားသော ရွာမမြို့နယ်ခွဲကို တပ်မတော်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“AA တွေက ကျွန်တော်တို့ရွာမမှာ ဗြောင်းဆန်နေတယ်။ဗြောင်းဆန်နေအောင် အခြေချနေတယ်။ ဗုံးချခံရတာ နောက်ကျနေတယ်။ အရင်ကတည်းက ချစေချင်တာ။ AA တွေရှိလို့ ကျွန်တော်တို့ လုံခြုံမယ်မထင်နဲ့။ ကျွန်တော်တို့က AA ကိုလည်း ကြောက်တယ်။ AA နဲ့ တပ် တိုက်ပွဲဖြစ်မှာလည်းကြောက်တယ်။ အားလုံးက အဲလိုပဲ ကြောက်နေကြတယ်။ ရွာမက အရင်က အေးအေးချမ်းချမ်းနေလာတဲ့ ရွာကြီးပါ။ အခုက AA ရောက်လာတော့ အားလုံး မအေးချမ်းကြတော့ဘူး။ AA ကို ထောက်ခံသူတွေလည်းရှိပါတယ်။ သူတို့ကြောင့် AA က ရွာမမှာ လာပြီး အခြေချနေကြတာလေ။ ညက လေကြောင်းက ဗုံးချတယ်။ ကျွန်တော်တို့ ကြောက်လန့်ပြီး ရှောင်နေကြတယ်။ တချို့ ဘုန်းကြီးကျောင်းတွေမှာလည်း ရှောင်ကြတယ်။ကျွန်တော်သိသလောက်ကတော့ AA ဘက်က တစ်ယောက် ထိတယ်လို့ ကြားပါတယ်။ ကျန်တာတော့ မသိပါဘူး”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။

ရွာမ မြို့နယ်ခွဲသည် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်နှင့် ၁၄ မိုင်ခန့် ကွာဝေးသော နေရာတွင် တည်ရှိပြီး အချို့ဒေသခံများမှာ လွန်ခဲ့သော ၃ လခန့်ကပင် တောင်ကုတ်မြို့ပေါ်နှင့် အနီးအနားကျေးရွာများကို ရှောင်တိမ်းနေကြကြောင်းလည်း သိရသည်။

“AA ရောက်လာရင် တပ်က ဗုံးချနိုင်တယ်လို့ တွေးပြီးတော့ ရှောင်တဲ့သူတွေလည်း ရှောင်နေကြပြီ။ ကျွန်တော် တို့က မရှောင်ဘူး။ ပိုက်ဆံလည်းမရှိဘူးလေ”ဟု ယင်းက ဆက်လက် ပြောပြသည်။

တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့သောနေရာမှာ ဒေသခံများထဲမှ ပေးပို့သော သတင်းအရဖြစ်ပြီး AA အတွက် ထောက်ပို့ယာဉ်များနှင့် ထောက်ပို့ပစ္စည်းများထားသော ဂိုဒေါင်အဖြစ်အသုံးပြုထားသည့် အဆောက်အဦများကို ထိမှန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် ည ၇ နာရီခန့်အချိန်ကလည်း AA အကြမ်းဖက်အဖွဲ့အဓိက အခြေစိုက်သည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း ခံခဲ့ရကာ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ တစ်ဦး ရှိခဲ့ကြောင်း သိရသည်။

ပုံ – AA အခြေစိုက်ထားပြီး လက်နက်ကြီး ထိမှန်ခဲ့သော နေရာများကို တွေ့ရစဉ် (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *