September 26, 2024

၂၅. ၉. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အပ်ငွေအပေါ် အတိုးနှုန်းအား စက်တင်ဘာ ၁ ရက်မှစတင်ပြီး အပ်ငွေအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံး ၉ ရာခိုင်နှုန်းမှ အများဆုံး ၁၁ ရာခိုင်နှုန်းအတွင်း တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ ဩဂုတ်လ ၂၄ ရက် (ယမန်နေ့)တွင် အသိပေးကြေညာထားသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် အပ်ငွေအတိုးနှုန်းများအရ ငွေစုဘဏ်အပ်ငွေအား ၉ ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေအား ၁၀ ရာခိုင်နှုန်း၊ စာရင်းသေအပ်ငွေများအတွက် (၁) လအပ်ငွေ ၉ ရာခိုင်နှုန်း၊ (၃)လအပ်ငွေ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ (၆)လအပ်ငွေ ၁၀ ရာခိုင်နှုန်း၊ (၉)လအပ်ငွေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ (၁)နှစ်အပ်ငွေ ၁၁ ရာခိုင်နှုန်းသို့ အသီးသီးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်နှင့် ဘဏ်များမှ ချေးငွေပိုမိုထုတ်ချေးနိုင်ရန်တို့အတွက် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်မှ ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ပြီးနောက် ပြည်တွင်းပုဂ္ဂလိကဘဏ်များအပြင် နိုင်ငံတော်ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်မှလည်း အပ်ငွေအတိုးနှုန်းများကို တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ပြင်ဆင်သတ်မှတ်ချက်အရ စက်တင်ဘာ ၁ ရက်မှစတင်၍ ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်လိုက်ပြီး ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *