September 27, 2024

၂၅.၉ ၂၀၂၄
Written by Hey Mar

ပါးစပ်ထဲက သွားဖုံးရိုးကျိုးပြီး အပေါ်ဘက်ရှေ့သွားအပါအဝင် အောက်ဘက်အံသွားပါအရိုးကွဲနေလို့ မျက်နှာတစ်ခြမ်း နိမ့်ပြီး ရွဲ့နေရှာတဲ့ ကလေးငယ်လေးက အသက်ငါးနှစ်အရွယ်သာ ရှိသေးတဲ့ မီးငယ်ဆိုသူပါ (အမည်လွှဲ) အဲဒီ ရရှိထားတဲ့ ခံတွင်းဝေဒနာကြောင့် သူ အစားကောင်းကောင်းမစားနိုင်ပါဘူး။

ဒီဒဏ်ရာအပြင် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်များစွာရှိနေပါသေးတယ်။ ပါးရိုးမှာ ဓားခုတ်ခံထားရတယ်။ ရေနွေးပူနဲ့ မျက်နှာ၊ ခြေတွေ လက်တွေ အပက်ခံထားရတယ်။ အဆိုးဆုံးကတော့ သူ မုဒိမ်းပြုကျင့်ခံထားရတာပါ။

မီးငယ်တို့က ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးရိုးမတောင်ပေါ်က ပေါက်‌တောကျေးရွာအုပ်စုမှာ နေထိုင်ကြတယ်။ ပေါက်တောကျေးရွာအုပ်စုက ရွာခြေအတော်များများပါဝင်တဲ့ ပြည်ပေါက်ခေါင်းအထိ ဆက်နေတဲ့ ကျေးရွာအုပ်စုပါ။ အဲ့ဒီရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ ဒီကာလ သစ်သမား၊ မီးသွေးသမား၊ မှောင်ခိုသမားတွေ များစွာကျင်လည်နေတဲ့နေရာဆိုလည်းမမှားသလို၊ အုပ်ချုပ်ရေး ယန္တရားအနေနဲ့လည်း မိုင်နှစ်ဆယ်မှာ ရဲကင်း၊ တပ်ကင်း ရှိနေပေမယ့် သွားရေးလာရေးက လုံးလုံးမရှိသလောက် ဖြစ်နေတဲ့ နေရာတွေပါ။

ဒီသမီးငယ် ဘာကြောင့် ဒီလို အခြေအနေဆိုး ကြုံရသလဲဆိုရင် မီးငယ်ရဲ့ အဖေက ဆင်ဦးစီးတစ်ယောက် ဖြစ်ပြီး မီးငယ်ရဲ့ အမေကတော့ စာပေမတတ်တဲ့ ပဲခူးရိုးမသူပါ။ အသက်အရွယ်ငယ်ရွယ်တဲ့ သူ့အမိအဖက သူအပါအဝင် မောင်ငယ်လေးတစ်ဦးနဲ့ မောင်နှမနှစ်ယောက်မွေးဖွားပြီး အဖေဖြစ်သူ ဆင်ဦးစီးရဲ့ အရက်၊ မူးယစ်ဆေးဝါး သောက်စားနှိပ်စက်မှုဒဏ်မခံနိုင်လို့ အမေက သူ့တို့‌မောင်နှမကို အဖေနဲ့ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တာ နှစ်နှစ်ကျော်တဲ့အထိ အဆက်အသွယ်မရတော့ပါဘူး။ အဖေလုပ်သူက သူအလုပ်လုပ်နေတဲ့ သစ်သမား တင်ဇော်….ဆိုသူတို့ လင်မယားဆီ သူ့ကလေးနှစ်ဦးကို မွေးစားဖို့ ပေးအပ်ပြီး ရွာကထွက်သွားပြန်ပါတယ်။ ကလေးနှစ်ဦးရဲ့ အမေဘက်က အဘိုးအဘွားတွေ မသိရှိလိုက်ရဘဲ အဘိုးအရင်းဖြစ်သူ တောတက်နေစဉ် အဘိုးရဲ့ နောက်မိန်းမဖြစ်သူနဲ့ ဆွေမျိုးဝမ်းကွဲတွေက ငွေကြေးယူကာ စာချုပ်စာတမ်းမှာ ကြက်ခြေခတ် လက်မှတ်ခြစ်လို့ ကလေး‌ မွေးစားဖို့ပေးလိုက်ကြပါတယ်(တစ်နည်းအားဖြင့် ရောင်းစားလိုက်ကြတာပါ)။

‌ဖွေးဖွေးဝဝ ချစ်စဖွယ် မီးငယ်လေးက ‌မွေးစားမိဘတွေ လက်ထဲမှာ တစ်နှစ်အတွင်း အခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်ရတဲ့အပြင် မုဒိမ်းပြုကျင့်ခြင်းပါ ခံလိုက်ရတဲ့ အဓိကတရားခံက မွေးစားအဖေ တင်ဇော်…ဆိုသူနဲ့ မွေးစားအမေက ပြုလုပ်ထားတာလို့ ဖော်ထုတ်ပါတယ်။ သူ့ကို မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ မုဒိမ်းပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓားနဲ့ ခုတ်ကြောင်း၊ ပါးစပ်ထဲကို ရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ရှို့ကြောင်း၊ ထမင်းအငတ်ထား‌ကြောင်း၊ မျက်နှာကို လက်သီးနဲ့ထိုးတာ‌ကြောင့် သွားတွေကျိုးပြီး သွားဖုံးတွေကွဲသွားကြောင်း စသဖြင့် သူခံစားရတာကို သူ့အဘိုးအရင်းဖြစ်သူရဲ့ လက်ထဲ ပြန်ရောက်ချိန် ပြောပြတာပါ။

အဘိုးအရင်းဖြစ်သူ ဦးကြည်စိုးက ” မွေးစားဖို့ ပေးလိုက်တုန်းက ကျွန်တော်မရှိဘူး။ ကျွန်တော့် မိန်းမ (ကလေးရဲ့ အဘွားအရင်းမဟုတ်သူ ) နဲ့ မိန်းမဘက်က အကိုတွေက ကလေးတွေကို ရပ်မိရပ်ဖတွေနဲ့ ခြောက်မိုင် အလယ်တန်းကျောင်းမှာ စာချုပ်စာတမ်းနဲ့ ပေးလိုက်တာ။ သူ စာမတတ် လက်မှတ်မထိုးတတ်လို့ ကြက်ခြေခတ် အမှတ်အသားနဲ့ လုပ်ပေးလိုက်တာပါ။ ကျွန်တော်က ကလေးဆေးရုံတက်ရတယ်ကြားမှ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်မှာ သွားတွေ့ရင်း ကလေးရဲ့ အခြေအနေကိုတွေ့တာ။ သူတို့က( အဘိုးအရင်း မိန်းမဘက်က အကိုဆိုသူတွေ ) သိသိကြီးနဲ့ ကျေပေးထားကြတယ်။ ကျွန်တော်ကတော့ မကျေနိုင်ပါဘူး။ ကျွန်တော် သက်ဆိုင်ရာ တက်မယ် ပြော‌တော့ ကျေးရွာအုပ်ချုပ်ရေးမှူးက ကြားဝင်ညှိတယ်။ “ခင်‌ဗျားတို့မှာ ပိုက်ဆံရှိလို့လား။ လမ်းစရိတ် ဘယ်လိုကုန်တာ။ ကြေအေးငွေ လေးသိန်းပေးမယ်။ လက်မှတ်အရင်ထိုး။ ၂၂ ရက်နေ့မှာ နှစ်သိန်းပေးမယ်။ နောက်နှစ်သိန်းကို လကုန်ရင် ထပ်ပေးမယ် ဆိုပြီး လုပ်တယ်။ ဖိအားပေးကြတယ်။ ကျွန်တော်လည်း အရင်ဆုံး ဒီအကျပ်အတည်းကနေ ထွက်ရမှာမို့ လက်မှတ်ထိုးပေးလိုက်တယ်။ ငွေမယူထားပါဘူး။ ကျွန်တော် တိတ်တဆိတ် တောင်ငူကို ကလေးနဲ့ ဆင်းလာဖို့ လိုလို့ သူတို့ လိုချင်တာ လုပ်ပေးခဲ့တာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

တောင်ငူကို မုဒိမ်းကျင့်ခံမြေးနဲ့ အဘိုးရောက်လာတဲ့အခါမှာတော့ Save The Trees Rescue Team က ကိုကျော်သူရတို့နဲ့ ဆုံပြီး အမှုအတွက် အားကိုးစရာတစ်ခု တွေ့လာပါတယ်။ အကျိုးအကြောင်းပြောပြတဲ့အခါ မခံနိုင်တဲ့ လူမှုကူညီရေးစိတ်ပြည့်ဝသူတွေက ပူးပေါင်းလို့ ကူညီဖို့ ဖြစ်လာတယ်။ အုတ်တွင်းမြို့နယ် အပိုင်ထဲမှာဖြစ်တာမို့ အုတ်တွင်းရဲစခန်းကို မနေ့က စက်တင်ဘာ ၂၄ ရက်နေ့က လာရောက်အမှုဖွင့်တဲ့အခါ အုတ်တွင်းရဲစခန်းမှူးက အမှုဖွင့်မပေးဘဲ မတရား ညှိနှိုင်း‌‌ ကျေအေး‌ခိုင်းခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ခေါ်ယူကာ ဒီနေ့ စက်တင်ဘာ ၂၅ ရက် မနက် ၉ နာရီမှ ပြန်လာဖို့နဲ့ ညှိနှိုင်းဖို့ ပြောကာ ပြန်လွှတ်ခဲ့တယ်လို့ MT News က စုံစမ်းသိရှိရပါတယ်။

အုတ်တွင်းရင်ခုန်သံရှင်သန်ရေးလူမှုကူညီရေးအသင်းမှ အရှင်တေဇသီရိက “ကျွန်တော်တို့ လုပ်လို့ရတာက ကလေးကို တောင်ငူဆေးရုံကြီးကို အကျိုးအကြောင်းပြောပြပြီးတင်ဖို့ပဲရှိတယ်။ ကလေးကို တောင်ငူဆေးရုံမှာ ရဲမှုခင်းနဲ့ တင်ဖို့ လိုတယ်။ မှုခင်းဆရာဝန်ကြီးရဲ့ ဆေးစစ်ချက် ထွက်လာရင် သူတို့လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လုပ်သွားရင် အမှုတည်ဆောက်လို့ ရနိုင်ပြီ။ အခု ကျူးလွန်သူတရားခံဆိုသူကလည်း မှောင်ခိုသမား ငွေပေါတယ်။ အစပျောက်သွားမှာစိုးလို့ တတ်နိုင်တဲ့ဘက်က ကူညီနေတယ် ” လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်မိန့်ကြားပါတယ်။

မီးငယ်ကို အခု နေ့လည် ၁၂နာရီ အချိန်အထိ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရတော့ တောင်ငူဆေးရုံကြီး မှုခင်းဆရာဝန်ကြီးက ဆေးစစ်ချက် ယူနေဆဲပါ။

” ဆေးစစ်ချက်ရတာနဲ့ အုတ်တွင်းစခန်းမှာ အမှုဖွင့်မယ်။ အခုအမှုမှာက မဆိုင်တဲ့ ဆွေမျိုးသားချင်းအရင်းမဟုတ်သူတွေက ကလေးကို ခြယ်လှယ်ထားကြတယ်။ အမှုကို အနှောင့်အယှက်ပေးသူ အကုန် တရားစွဲမယ်” လို့ Save The Trees Rescue Team မှ ကိုကျော်သူရက သူဆောင်ရွက်နေတဲ့ အခြေအနေကို ပြောပြပါတယ်။

MT News က အုတ်တွင်းရဲစခန်းကို ဆက်သွယ်ရာမှာတော့ ဖုန်းလက်ခံဖြေဆိုတဲ့ တာဝန်ကျရဲဝန်ထမ်းက ဒီသက်ငယ်မုဒိမ်းမှုကို ရဲစခန်းဆီ လာအမှုမဖွင့်သေးသလို တိုင်ချက်လာဖွင့်မှပဲ ဆောင်ရွက်လို့ရမယ်လို့ တုံ့ပြန်ပါတယ်။

MT News သတင်းဌာနအနေနဲ့ အုတ်တွင်းရဲစခန်း၊ ပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စွပ်စွဲခံရတဲ့ ပြုကျင့်သူတွေကို ဆက်လက် ဆက်သွယ်မေးမြန်းစုံစမ်းနေပြီး ထပ်မံသိရှိရတာတွေ ဆက်လက်ဖော်ပြပေးပါမယ်။

ပုံစာ။ မွေးစားမိဘများ၏ ရိုက်နှက်နှိပ်စက် မုဒိမ်းကျင့်ခံရသော ငါးနှစ်သမီးငယ်၏ ပုံရိပ်။

Leave a Reply

Your email address will not be published. Required fields are marked *