September 27, 2024

၂၅. ၉. ၂၀၂၄
Written by Nay Moe

MNDAA တိုက်ခိုက်သိမ်းယူထားတဲ့ လားရှိုးမြို့ စဥ်ဆက်မပြတ် တိုက်ခိုက်ခံနေရပြီး စက်တင်ဘာ ၂၄ ရက်နဲ့ ဒီနေ့စက်တင်ဘာ ၂၅ ရက်မှာလည်း နှစ်ရက်ဆက်ဗုံးကြဲခံခဲ့ရသလို ဒီလိုလေကြောင်းတိုက်ခိုက်မှုအများစုဟာ တရုတ်ကိုးကန့် MNDAA စခန်းချရာ နိုင်ငံပိုင်အဆောက်အအုံတွေနဲ့ ဟိုတယ်ဝန်းကျင်တွေချည်းဖြစ်နေတယ်လို့ တိုက်ခိုက်မှုမှတ်တမ်းတွေနဲ့ MNDAA ရဲ့ Page တွေက ထုတ်ပြန်မှုအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကနေ လက်ရှိအချိန်အထိ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) မှာ သိမ်းယူထားတဲ့ လားရှိုးမြို့ကို စစ်ပြီးသွားပြီလို့ MNDAA က ကြေညာပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေချိန်မှာပဲ စက်တင်ဘာ ၈ ရက်နေ့နဲ့ စက်တင်ဘာ ၉ ရက် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရသလို စက်တင်ဘာ ၁၀ ရက်၊ ၁၃ ရက်နဲ့ ၂၁ ရက်မှာလည်း တိုက်ခိုက်ခံခဲ့ရတဲ့အပြင် စက်တင်ဘာ ၂၄ ရက်နဲ့ ဒီနေ့မနက်မှာလည်း လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်တွေက စက်တင်ဘာ ၂ ရက်မှာ လားရှိုးမြို့ကို သိမ်းယူထားတဲ့ MNDAA ကို SAC က အကြမ်းဖက်အဖြစ် သတ်မှတ်အပြီးမှာ MNDAA ဟာ တရုတ်ကို တိုင်တည်စာထုတ်ခဲ့ပေမဲ့ အကြမ်းဖက်ချေမှုန်းမှုကို ဆက်လက်ပြုလုပ်နေတာဖြစ်ပြီး ပထမအကြိမ် တိုက်ခိုက်မှုက စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီ ၃ မိနစ်နဲ့ ၄ နာရီ ၈ မိနစ်အချိန်တို့မှာ ရပ်ကွက် (၁၂) က နိုင်ငံပိုင် အားကစားရုံနဲ့ ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ်အနီး ဗုံး ဆက်တိုက်ကျရောက် ပေါက်ကွဲခဲ့တယ်ပြောပါတယ်။ MNDAA ရဲ့ ထုတ်ပြန်ချက်မှာတော့ ရပ်ကွက် (၁၂) အားကစားရုံမှာ ပြည်သူတွေရဲ့ ကားတွေဆိုင်ကယ်တွေ ပြန်မပေးဘဲ သိမ်းထားတဲ့အထဲက ကား ၁၉ စီးပျက်စီးပြီး Silver Sky ဟိုတယ်မှာလည်း အဆောက်အအုံ ပျက်စီးထိခိုက်မှုရှိပြီး လူမထိခိုက်ဘူးလို့ ​​ပြောထားပါတယ်။

ဒါပေမဲ့လည်း လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ အသံဖိုင်မှာတော့ စက်တင်ဘာ ၈ ရက်တိုက်ခိုက်မှုမှာ MNDAA က ကားတွေဆိုင်ကယ်တွေ လုယက်သိမ်းယူထားရာ ရပ်ကွက် (၁၂) အားကစားရုံမှာ ကားတွေဆိုင်ကယ်တွေကို လုံခြုံရေးရယူနေတဲ့ MNDAA တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး Silver Sky ဟိုတယ်မှာတော့ MNDAA ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနဲ့ သူတို့ကို လုံခြုံရေးယူပေးတဲ့ ငယ်သား ၁၅ ဦးခန့်သေဆုံးခဲ့တယ်လို့ ပြောသံကြားရသလို ဒီရုပ်အလောင်းတွေကို ချက်ချင်းပဲ နမ္မတူဘက်အထွက် မြို့ရှောင်လမ်းဘက်က သင်္ချိုင်းကုန်းမှာမြှုပ်တယ်လို့လည်း ပြောနေတာကို ကြားရပြီး ဒီသေဆုံးမှုအသံဖိုင်အပေါ် MNDAA က ဒီနေ့အထိ မှားတယ်လို့ တုံ့ပြန်မှုမရှိပါဘူး။

အလားတူ ဒုတိယအကြိမ်တိုက်ခိုက်မှုကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ်နဲ့ ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကတော့ အထွေထွေအုပ်ချုပ်ရေးရုံးကိုဖြစ်ပြီး MNDAA ရဲ့ ထွေအုပ်ရုံးဝန်ထမ်းတွေအပါအဝင် ၁၃ ဦး ထိခိုက်ခဲ့ပါတယ်။ ဒါ့အပြင် နမ့်ပေါင်ကျေးရွာအနီးမှာ ကုမ္ပဏီသုံးခုက ပိုင်ဆိုင်ပြီး MNDAA အပိုင်စီးထားတဲ့ နမ္မကျောက်မီးသွေးတွင်းကို စက်တင်ဘာ ၁၀ ရက်မွန်းလွဲ ၁နာရီခန့်က လေကြောင်းတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၁၃ ရက်ညကလည်း အဲဒီနမ့်ပေါင် ကျောက်မီးသွေးတွင်းအုပ်စုကိုပဲ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရတယ်ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက် တိုက်ခိုက်မှုဟာ ည ၁၀ နာရီ ၁၅ မိနစ်နဲ့ ၁၇ မိနစ်မှာဖြစ်ပြီး လားရှိုးမိုတယ်ရှေ့နဲ့ ရပ်ကွက်(၁၂) အထက(၃) ကျောင်းရှေ့က တိုက်တစ်လုံးပေါ် ထိမှန်ပေမဲ့ လူထိခိုက်မှုမရှိဘူးလို့ FYV က ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၂၄ ရက်မှာ ဗုံး​လေးကြိမ်ကြဲချတိုက်ခိုက်မှုကတော့ ဒီနေ့မနက် ၁ နာရီခွဲဝန်းကျင်ခန့်မှာ လားရှိုးမြို့ ရပ်ကွက် ၂ မှာရှိတဲ့ ရထိုက်ဟော်တယ်နဲ့ Golden Sunflower ဟိုတယ်တို့ကို ဗုံးနှစ်လုံးကြဲချတာကြောင့် ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အဆောက်အဦနဲနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနက် ၄ နာရီဝန်းကျင်ခန့်မှာလည်း အဲဒီဟိုတယ်နှစ်ခုနေရာအနီးတဝိုက်ကို ထပ်မံပြီး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် Family Cafe အနားက နေအိမ် အဆောက်အဦ များစွာမီးလောင်ပျက်စီးခဲ့ပြီး ၆ ဦး ဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့တယ် ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၅ ရက် တိုက်ခိုက်မှုကလည်း MNDAA တပ်ဖွဲ့ဝင်တွေ ခိုအောင်းနေထိုင်တဲ့ လားရှိုးနည်းပညာအထက်တန်းကျောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ပေမဲ့ လူမှုကွန်ရက်သတင်းတွေအရ MNDAA တပ်မဟာ ၂၁၁ ခေါင်းဆောင်အပါအဝင် ၂၈ ဦးသေဆုံးတယ်လို့ သတင်းထွက်ပေါ်လာတာ တွေ့ရပါတယ်။

ဒါ့အပြင် လားရှိုးမြို့ကို ဩဂုတ် ၃၀ ရက်က တိုက်ခိုက်မှုဟာလည်း MNDAA တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ရပ်ကွက် (၁) က နိုင်ငံပိုင်ကျောင်းတွေဖြစ်တဲ့ အထက (၈) နဲ့ အလက (၈) ဖြစ်ပြီး အဲဒီနေရာမှာ ဗုံး ၂ လုံး ကျရောက်ခဲ့သလို ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်မှုအရ သိရပါသေးတယ်။ လေကြောင်းတိုက်ခိုက်မှုမှတ်တမ်းတွေအရ ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၂၅ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်တဲ့ စက်တင်ဘာ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်၊ ၁၃ ရက်၊ ၂၁ ရက်၊ ၂၄ ရက်၊ ၂၅ ရက်တွေမှာ တိုက်ခိုက်မှုဟာ အရပ်သားပြည်သူနဲ့ကင်းလွတ်ပြီး MNDAA တပ်ဖွဲ့ တပ်စွဲထားတဲ့ နိုင်ငံပိုင်စာသင်ကျောင်းတွေ၊ နည်းပညာအထက်တန်းကျောင်း၊ ထွေအုပ်ရုံး၊ အားကစားရုံနဲ့ MNDAA ထိပ်ပိုင်းအရာရှိတွေ ဇိမ်ခံပျော်ပါးရာ ဟိုတယ်တွေချည်းဖြစ်နေတာကို တွေ့ရပါတယ်။

လားရှိုးမြို့ဟာ တရုတ်ကိုးကန့် MNDAA နဲ့ PDF တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) နဲ့ ဖော်ဆောင်လာတဲ့ မြို့သိမ်းတိုက်ပွဲနဲ့ လားရှိုးထောင် ဖောက်ထွင်းတိုက်ခိုက်မှုမှာ အနည်းဆုံး လူ ၅၀၀ လောက် သေကြေခဲ့ရသလို MNDAA ထိန်းချုပ်အပြီးမှာလည်း ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဗမာလူမျိုးပိုင်ပစ္စည်းဥစ္စာတွေ သိမ်းယူမှု၊ ဗမာလူမျိုးအဝင်မခံမှုတွေ ပြုလုပ်နေတဲ့ တိုက်ပွဲဖြစ်ဆဲမြို့လည်းဖြစ်ပါတယ်။

ပုံစာ။ MNDAA တပ်ဖွဲ့ဝင်များ ဇိမ်ခံရာ ဟိုတယ်များနှင့် တပ်စွဲထားရာ နိုင်ငံပိုင်အဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုမှတ်တမ်း။

Leave a Reply

Your email address will not be published. Required fields are marked *