September 27, 2024

◾ ဗြိတိန်နိုင်ငံသားများကို ကယ်တင်ရန် ဆိုက်ပရပ်နိုင်ငံသို့ ဗြိတိန်တပ်ဖွဲ့ဝင်များ စေလွှတ်မည်

၂၅.၉.၂၀၂၄.
Translated by HtweKo Tun

ဗြိတိန်(ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ)ဝန်ကြီးချုပ် ကားစတာမာက အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား တိုက်ခိုက်မှုတွေပို၍အရှိန်မြင့်လာတဲ့ အခြေအနေကြောင့် ဗြိတိန်နိုင်ငံသားတွေအနေနဲ့ လက်ဘနွန်နိုင်ငံက အမြန်ဆုံးပြန်လည်ထွက်ခွာကြဖို့ စက်တင်ဘာလ ၂၄ ရက်မှာ ပြောကြားခဲ့သလို ဗြိတိန်အစိုးရအနေနဲ့ အရေးပေါ် ကယ်ဆယ်ရေးအစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီလို့ ပြောခဲ့ပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း လက်ဘနွန်နိုင်ငံအနီးရှိ ဆိုက်ပရပ်နိုင်ငံသို့ လက်ဘနွန်မှ ဗြိတိန်နိုင်ငံသားတွေပြန်လည်ကယ်တင်မှုကို ကြိုတင်ပြင်ဆင်နိုင်ဖို့ တပ်ဖွဲ့ဝင် ၇၀၀ ကို စေလွှတ်သွားမယ်လို့ သိရပါတယ်။ ဗြိတိန်အစိုးရကလည်း လက်ဘနွန်နိုင်ငံသို့ ခရီးမသွားကြဖို့ နိုင်ငံသားတွေကို အကြံပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

တင်းမာလာတဲ့အခြေအနေနဲ့အတူ အစ္စရေးက လက်ဘနွန်နိုင်ငံကို အခုရက်သတ္တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ လူ ၅၆၀ ကျော်သေဆုံးခဲ့ပြီလို့ သိရပါတယ်။ လက်ဘနွန်ကျန်းမာရေးဝန်ကြီးက လက်ဘနွန်နိုင်ငံအတွင်းမှာ အစုလိုက် အပြုံလိုက် လူသတ်မှုတွေဖြစ်ပွားနေပြီး ဟစ်ဇ်ဘိုလာကို ပစ်မှတ်ထားတဲ့အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုနှစ်ရက်ကြောင့် ဆေးရုံတွေမှာလည်း ထိခိုက်ဒဏ်ရာရသူတွေများပြားနေတယ်လို့ ပြောခဲ့ပါတယ်။

ဗြိတိန်အစိုးရအရာရှိတွေကတော့ ဗြိတိန်အစိုးရအနေနဲ့ လက်ဘနွန်နိုင်ငံနဲ့ အနီးကပ် စစ်ရေးတည်ရှိမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ပြောခဲ့ကြပါတယ်။ ဒါက ဆိုက်ပရပ်နိုင်ငံအတွင်း အက်ခရိုတီရိမြို့မှာ ဗြိတိန်လေတပ်စခန်းတည်ရှိမှုနဲ့ မြေထဲပင်လယ်အရှေ့ပိုင်းမှာလည်း ဗြိတိန်စစ်သင်္ဘောနှစ်စီးတပ်ချထားမှုကို ရည်ညွှန်းပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။ ဗြိတိန်လေတပ်စခန်းမှာလည်း စစ်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို အသင့်အနေအထား ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

ပဋိပက္ခအတွင်းမှာ ဟစ်ဇ်ဘိုလာတို့ကလည်း အစ္စရေးနိုင်ငံမြောက်ပိုင်းနဲ့ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ဒေသအတွင်း ဒုံးကျည် ၈,၀၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်တွေကိုလည်း မောင်းသူမဲ့လေယာဉ်တွေနဲ့ ပြန်လှန်တိုက်ခ်ုက်ခဲ့တာကြောင့် ဒေသအတွင်း စစ်မီးအရှိန်ပိုလို့မြင့်တက်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်းကလည်း ဗြိတိန်အစိုးရက ဂါဇာကမ်းမြောင်ဒေသအတွင်းရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံသားတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဂါဇာဒေသမှာလည်း ဗြိတိန်နိုင်ငံသား ၂၀၀ ကျော် ရောက်ရှိနေတယ်လို့ ဆိုကြပါတယ်။

Ref -BBC

Leave a Reply

Your email address will not be published. Required fields are marked *