September 27, 2024

ဖြိုးဝေ
၂၄. ၉. ၂၀၂၄

ဗဟိုအစိုးရအာဏာစက်ပျက်ပြားပြီး ချင်းလက်နက် ကိုင်တွေနဲ့ ရခိုင်လက်နက်ကိုင်တွေက အိန္ဒိယနယ်စပ်မျဉ်းပေါ် သတ်ဖြတ်လုယက်ကြတာ၊ လက်နက်နဲ့ မူးယစ်ဆေးကုန်ကူးနေကြတာကြောင့် အိန္ဒိယနိုင်ငံဟာလည်း သူ့နိုင်ငံနဲ့ ပြည်သူလုံခြုံရေးအတွက် မြန်မာနိုင်ငံနဲ့ နယ်စပ်မျဉ်းတစ်လျှောက် ၁၆၄၃ ကီလိုမီတာကို ရူပီးသိန်းပေါင်း ၃၁၀၀၀ ကျော် အကုန်ခံပြီး ခြံစည်းရိုးခတ်ဖို့ စိုင်းပြင်းနေတဲ့ဖြစ်စဉ်တွေကို ဒီရက်သတ္တပတ်မှာ မြင်ရသလို လာမယ့်အောက်တိုဘာလထဲမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနိုင်ငံတို့ ပါဝင်ပြီး ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် မြန်မာ့အရေး ASEAN Troika Plus အစည်းအဝေးကို ကျင်းပဖို့လည်း ရှိနေတာကို မြင်ရပါတယ်။

အခြားတစ်ဖက်မှာလည်း အမေရိကန်ဦးဆောင်တဲ့ QUAD ဟာ ဘိုင်ဒန်မပြုတ်ခင် တရုတ်နဲ့ မြန်မာကို ဖိအားပေးဖို့ကြံစည်တာ၊ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ပါဝင်တဲ့ 7 EAO Alliance က ပိတ်ဆို့နေပြီဖြစ်တဲ့ NCA လမ်းကြောင်းအစား NCA အနှစ်သာရမပျက်တဲ့ လမ်းသစ်တစ်ခုအတွက် ဆွေးနွေးမှုဖော်ဆောင်မယ်ဆိုတဲ့ဖြစ်စဉ်၊ PDF တွေက ပြည်သူ့စစ်ရွာလို့ သတ်မှတ်ထားပြီး မကြာခဏတိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ကိုင်း၊ ကြွယ်ပုံကျေးရွာက အမျိုးသမီး ၁၅ ဦး တောင်ယာလုပ်ကိုင်ဖို့ သွားရောက်ချိန် PDF တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရမှုဖြစ်စဉ်၊ ချောင်းဦးနယ်ထဲကပဲ ပြည်သူ့စစ်ရွာလို့ PDF တွေ သတ်မှတ်ထားတဲ့ ကံဆည်းရွာကို PDF တွေက တစ်ရွာလုံးမီးရှို့ဖျက်ဆီးပြီး လူဆယ်ချီသတ်လိုက်တဲ့အပြင် လူအများအပြားကိုပါ ဖမ်းဆီးလိုက်တဲ့ဖြစ်စဉ်တွေ၊ AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်က မြို့တွေမှာ ရခိုင်ပြည်သူတွေ ရေကြီးရေလျှံမှုနဲ့ အငတ်ဘေးကြုံနေရပေမဲ့ ကူကယ်သူမဲ့နေတဲ့အခြေအနေ စတဲ့ဖြစ်စဉ်တွေ တွေ့မြင်ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ သန်းခေါင်စာရင်းကောက်ခံမဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တွေ့တဲ့နေရာပစ်သတ်မယ်လို့ ဟားခါး PDF အဖွဲ့ထုတ်ပြန်လာတဲ့ဖြစ်စဉ်တွေ၊ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ထိုင်ခုံပေါ်က ဆင်းရတော့မယ့် ဂျိုးဘိုင်ဒန်ပြောလာတာတွေအပြင် MNDAA နဲ့ NUG အကွဲအပြဲမှာ ပြည်မထဲဖောက်ခွဲတိုက်ခိုက်မှုတွေ ပိုဖြစ်လာနိုင်တယ်ဆိုတဲ့အခြေအနေတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။

◾ သန်းခေါင်စာရင်းကောက်မဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တွေ့တဲ့နေရာပစ်သတ်မဲ့ ဟားခါး PDF

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်မှာ တော်လှန်ရေးကို အနှောင့်အယှက်ပေးတဲ့အတွက် ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှာ ခွေးမွေးထားတဲ့သူတွေအနေနဲ့ သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ကိုယ့်ခွေးကိုယ် ရောင်းကြဖို့ ဒါမှမဟုတ် သတ်ကြဖို့ သတိပေးစာထုတ်ပြန်ခဲ့ဖူးပြီး မသိနားမလည်တဲ့ တိရစ္ဆာန်တွေကိုတောင် တော်လှန်ရေးအကြောင်းပြပြီး ရက်ရက်စက်စက် သတ်ဖြတ်ဖို့ ​ကြံစည်ခဲ့တဲ့ ချင်း PDF အဖွဲ့ဖြစ်တဲ့ Chinland Defense Force – Hakha အဖွဲ့ဟာ အခုလည်း CDM မလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို တွေ့တဲ့နေရာသတ်မယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။

ချင်း PDF အဖွဲ့က ခွေးတွေကို သတ်ဖြတ်ချင်တာဟာ ပုန်းခိုရာတောကနေ ဟားခါးမြို့ပေါ်တက်ပြီး ခိုးဆိုးလုနှိုက်လုပ်ချိန် ခွေးတွေဟောင်လို့ ခိုးဆိုးလုနှိုက်မရလို့ တော်လှန်ရေးအ​ကြောင်းပြပြီး ခွေးတွေကို သတ်ဖို့ကြံတာ၊ ဘယ်တော်လှန်ရေးအဖွဲ့ကမှ အပြစ်မရှိတဲ့ခွေးတွေကို မသတ်ဖူးလို့ ဝေဖန်ခံရတာကြောင့် ခွေးသတ်မဲ့ ချင်း PDF အကြံ မဟန်ဖြစ်ခဲ့ရပေမဲ့ အခုတစ်ခါမှာတော့ နိုင်ငံ့ဝန်ထမ်းတွေဘက် မြှားဦးလှည့်လာပြန်တာပါ။

နိုင်ငံ့ဝန်ထမ်းတွေကို ချင်း PDF သတ်ချင်တာဟာ ၂၀၂၅ ရွေးကောက်ပွဲအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ၂၀၂၄ သန်းခေါင်စာရင်းကောက်ခံဖို့ လုပ်ဆောင်နေတာကြောင့်ဖြစ်ပြီး ဒီလို သန်းခေါင်စာရင်းကောက်မဲ့ဝန်ထမ်းတွေကို စစ်သားနဲ့တစ်တန်းတည်းထားပြီး တွေ့တဲ့နေရာ ပစ်သတ်မယ်လို့ ဟားခါး PDF က ခြိမ်းခြောက်တာပါ။

ဒီနေရာမှာ ချင်း PDF တွေက နိုင်ငံ့ဝန်ထမ်းတွေကို တွေ့တဲ့နေရာပစ်သတ်မယ်လို့ ခြိမ်းခြောက်တာဟာ စာနဲ့ခြောက်လှန့်ရုံမဟုတ်ဘဲ တကယ်သတ်နေတယ်ဆိုတာကိုလည်း အားလုံးအသိပါ။ PDF အဖြစ် လက်နက်ကိုင်စကနေ ဒီနေ့အထိ သုံးနှစ်အတွင်းမှာ ရဟန်းသံဃာတွေ၊ ရပ်ကျေးနဲ့ ဆရာ၊ ဆရာမတွေ ကျောင်းသားကျောင်းသူပါမချန် အပြစ်မဲ့ လက်နက်မဲ့ဝန်ထမ်းပြည်သူ ၈၀၀၀ ကျော်ကို NUG မထောက်ခံမှုနဲ့ “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲသတ်ဖြတ်ထားတာကလည်း ကမ္ဘာသိဆိုတာ ပြောစရာမလိုတော့ပါဘူး။ လက်ရှိမှာလည်း သန်းခေါင်စာရင်းကောက်ဖို့က ၆ ရက်သာလိုတော့ချိန်မှာ PDF တွေ သတ်ဖြတ်ခံနေရတဲ့ လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းတွေက တာဝန်ကို ရင်မှာပွေ့ပြီး အသက်ကို ဖက်နဲ့ထုပ်လို့ သန်းခေါင်စာရင်းကောက်ဖို့ပြင်နေတာလည်း တစ်နိုင်ငံလုံးအသိပါ။

တကယ်တော့ နိုင်ငံ့အတွက် အရေးပါတဲ့ သန်းခေါင် စာရင်းဟာ ဘယ်အစိုးရတက်တက် ၁၀ နှစ်တစ်ကြိမ်ကောက်ခံနေရမှာဖြစ်ပြီး အစိုးရတစ်ရပ် မလိုလားတာကြောင့် နိုင်ငံ့အတွက် အရေးကြီးတဲ့ သန်းခေါင်စာရင်းကိုပါ NUG နဲ့ PDF တွေက ဖျက်လိုဖျက်ဆီးလုပ်တဲ့အပြင် လက်နက်မဲ့ဝန်ထမ်းတွေကိုပါ သတ်ဖြတ်နေတာဟာ စစ်ရာဇဝတ်မှုဖြစ်သလို ဒီလိုမျိုးသတ်ဖြတ်ခံရမှုတွေဆိုးဆိုးရွားရွားမကြုံဖို့ အစိုးရကလုံလောက်တဲ့ကာကွယ်မှုပေးဖို့လိုအပ်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်သွားရင်လည်း ဖုံးဖိမထားဘဲ ရွေးကောက်ပွဲဖြစ်စေချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို NUG နဲ့ PDF တွေက ရွေးကောက်ပွဲဖျက်ဖို့ လက်နက်မဲ့ဝန်ထမ်းတွေကို အကြမ်းဖက် သတ်ဖြတ်နေပြီဆိုတာ ကမ္ဘာသိကြေညာဖို့လည်း ပြင်ဆင်ထားဖို့လိုအပ်မှာပါလို့ အကြံပြုပါရစေ။

◾ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုတွေ တိုက်ဖျက်ဖို့ပျက်ကွက်တယ်လို့ မြန်မာကို အပြစ်ဖို့တဲ့ အမေရိကန်

မြန်မာ၊ ဗင်နီဇွဲလားနဲ့ ဘိုလီဗီးယားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း မူးယစ်ဆေးဝါးကုန်ကူးမှုတွေကို ဆန့်ကျင်တိုက်ဖျက်ရေး သဘောတူညီချက်စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်နေခဲ့တယ်လို့ မကြာခင်ရာထူးကဆင်းပေးရတော့မဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အပြစ်ဖို့လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဂျိုးဘိုင်ဒန်ဟာ တစ်ဖက်သတ်အပြစ်ဖို့နေခဲ့တာဖြစ်ပြီး လက်ရှိအစိုးရ တာဝန်ယူခဲ့တဲ့ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဖမ်းမိမှု‌တွေအဖြစ် ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်း ဖမ်းဆီးရမိမှု အမှုပေါင်း ၂၁,၀၉၈ မှု၊ တန်ဖိုးငွေကျပ် ၃,၃၅၄ ဘီလျံကျော်နဲ့ ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၂၉,၄၀၀ ကျော်ရှိခဲ့တယ်ဆိုတဲ့ ကိန်းဂဏန်းတွေကိုတော့ လျစ်လျှူရှုထားကို မြင်ရပြီး ဒီပမာဏဟာ ဒီနှစ်ပိုင်းတွေထဲမှာ အများဆုံးဖြစ်ပါတယ်။

ဒီလိုလျစ်လျှူရှုမှုအပြင် အမေရိကန်ထောက်ပံ့ပေးထားတဲ့ NUG နဲ့ PDF တွေ စင်ပြိုင်လက်နက်ကိုင်ပြီး နိုင်ငံတွင်းမှာ နယ်မြေလု အုပ်ချုပ်ချိန်မှာ ဗဟိုအစိုးရအာဏာစက်မရောက်တော့တဲ့ ဒေသဟာ မြို့ ၈၀ ကျော်လာပြီဖြစ်သလို တစ်ချိန်က အမေရိကန် DEA ကိုယ်တိုင် မူးယစ်အဖွဲ့တွေလို့ သမုတ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အင်အားကောင်းထကြွလာတာကိုလည်း အမေရိကန်က မဝေဖန်တဲ့အပြင် တာဝန်ယူတာဝန်ခံရမဲ့ လက်ရှိအစိုးရကိုပဲ ထိုးနှက်နေတာ တွေ့ရတာပါ။ အမေရိကန် ငွေကြေးထောက်ပံ့နေတဲ့ NUG ဟာ သူ့ရငွေသေးသေးလေးနဲ့ နိုင်ငံသိမ်းလောက်အောင် စစ်ပြုလို့မရသလို MNDAA၊ TNLA ၊ AA တို့လို ဘာစီးပွားရေးမှမရှိတဲ့ လက်နက် ကိုင်နယ်မြေလု စစ်ဆင်နွှဲသူတွေရဲ့ တစ်ခုတည်းသောအဓိကဝင်ငွေဟာ မူးယစ်ဆေးဖြစ်နေတာသိသိနဲ့ ဒီလိုမျိုး တိုင်းရင်းသား မူးယစ်ရာဇာတွေကြတော့ မြန်မာ နိုင်ငံမှာစစ်ဖြစ်နေဖို့ နိုင်ငံကွဲထွက်ဖို့ ငွေကြေးထောက်ပံ့တာမျိုး ဆက်လုပ်နေရင်တော့ မြန်မာနိုင်ငံကနေ မူးယစ်ဆေးထွက်နေမှုတွေ အစိုးရက မထိန်းချုပ်နိုင်မှုက ဆက်ဖြစ်နေမှာပါ။

လုပ်ငန်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မူးယစ်ဆေးဖြန့်ပြီး စစ်တိုက်နေတယ်ဆိုတဲ့အထဲမှာလည်း AA က အသိသာဆုံးပါ။ ရခိုင်လက်နက်ကိုင် AA ရဲ့ မူးယစ်ဆေးဖြန့်မှုတွေမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတ်တမ်းတွေအရ ၂၀၁၆ ကနေ ဒီကာလအထိလည်း AA လက်နက်ကိုင်အဖွဲ့ရဲ့ မူးယစ်ဆေးဖြန့်ချိမှု ၉ ကြိမ်တိတိက ဘီလျံ ၃၀၀ ဖိုးနီးပါးလည်း ဖမ်းမိထားပါသေးတယ်။ ဒါ့အပြင် အကြီးမားဆုံးဖမ်းမိမှုအဖြစ်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကနေ ဒီဇင်ဘာ ၉ ရက်အထိ သတင်းဆက်စပ် ဖော်ထုတ်ဖမ်းဆီးမှုတွေအရ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလျံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနဲ့အတူ AA သောင်းကျန်းသူတွေ ပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသေးတယ်။ ခြုံပြောရမယ်ဆိုရင်တော့ တရုတ်ကို တိုင်ပတ်စေပြီး မြန်မာပြည်မှာ စစ်တလင်းဖြစ်နေဖို့ အမေရိကန်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်မူးယစ်ရာဇာတွေကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အဖွဲ့အဖြစ် ပုံဖော်နေသရွေ့တော့ အမေရိကန်မှာလည်း မူးယစ်ဆေးစွဲသေသူတွေ နှစ်စဥ်သိန်းနဲ့ချီ ဆက်ရှိနေဦးမှာလည်း အမှန်ပါပဲ။

◾ ပြည်တွင်းမှာ ဖောက်ခွဲတိုက်ခိုက်မှုမြင့်တက်လာဖွယ်ရှိတဲ့ MNDAA နဲ့ NUG အကွဲအပြဲ

စက်တင်ဘာ ၄ ရက်မှာ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ဟာ NUG ကို နိုင်ငံရေး၊ စစ်ရေးအရ အဖက်မလုပ်တော့သလို ခွဲထွက်ဖို့လည်း ရည်ရွယ်ချက်မရှိကြောင်း၊ မန္တလေးနဲ့ တောင်ကြီးကိုလည်း ဆက်မတိုက်တော့ကြောင်း တရုတ်ကို တိုင်တည်ထုတ်ပြန်လာချိန်မှာ MNDAA ရဲ့ ဩဇာမခံလည်း အလုပ်ဖြစ်တယ်ဆိုတာကို NUG နဲ့ PDF တွေက သက်သေပြမဲ့ အခြေအနေဖြစ်လာပြီး ဖောက်ခွဲတိုက်ခိုက်မှုတွေ ပိုလုပ်ကြတော့မယ်လို့ သုံးသပ်မှုတွေ ရှိလာပါတယ်။

“သက်ရောက်မှုဘာတွေ ရှိလာမလဲဆိုတော့ သူတို့(MNDAA) မပါဘူး၊ ပလောင် (TNLA)လည်းမပါဘူးဆိုရင် ကျန်တဲ့လက်နက်ကိုင်တွေ ဘယ်လောက်လုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ PDF က ဒုက္ခတော့ပေးနိုင်ပါတယ်။ ကားလေး နှစ်စီး၊ သုံးစီးနဲ့ ဟိုသွားလိုက် မိုင်းခွဲလိုက်နဲ့ ဒုက္ခတော့ပေးနိုင်တယ်။ ဒါပေမဲ့ ကြီးကြီးကျယ်ကျယ်လုပ်နိုင်ဖို့ ခက်လိမ့်မယ်။ PDF အဖွဲ့တွေဘက်က ရန်ကုန်ကိုဆင်းတော့မလိုမျိုး၊ ဒေါက်တာဇော်ဝေစိုးပြောသလို မန္တလေးကို အပြတ် ရှင်းတော့မလို ပစ္စည်းပစ္စယမရှိဘဲ သိမ်းမယ်ဆိုတာ နည်းနည်းတော့ဝါဒဖြန့်ချိတာမျိုးဖြစ်သွားတာပေါ့”..။ “ဒါက (MNDAA ထုတ်ပြန်ချက်က) ပယောဂမပါပါဘူး။ သူတို့ရဲ့ရင်ထဲရှိတဲ့ အခြေအနေမှန်ကိုပြောတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ကို နိုင်ငံရေးအရ ခုတုံးလုပ်နေတဲ့ အဖွဲ့တွေလည်းရှိတယ်။ နောက် သူတို့တပ်တွေပဲ မန္တလေးတိုက်တော့မလိုလို၊ တောင်ကြီးသိမ်းတော့မလိုလို၊ အဲဒါတွေက သူတို့အနေနဲ့ မလုပ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပြောတော့ တရုတ်ရဲ့စီးပွားရေး စီမံကိန်းနေရာလောက်ပဲ ဖမ်းသိမ်းထားတာကိုး။ အဲဒီစီးပွားရေးစီမံကိန်းမရှိတဲ့‌နေရာတွေကို သူတို့ဘာမှမလုပ်ပါဘူး။ အဲဒါကို စိတ်မဝင်စားတော့ပါဘူး။ အဲဒါကို ဆက်လုပ်ဖို့က မြန်မာသူပုန်လို့ခေါ်တဲ့ PDF တွေပါပဲ။ PDF တွေမှာလည်း ပစ္စည်းပစ္စယထောက်ပို့ လုံလုံလောက်လောက်ရှိမယ့်ပုံ မပေါ်ပါဘူး။ သေနတ်ကျည်ဆံလေး လေး၊ ငါး၊ ခြောက်ဆယ်ရှိရုံနဲ့ မြို့သိမ်းလို့ရတာမှ မဟုတ်တာ။ သေနတ်တစ်လက်ကို ကျည်ဆံတစ်ထောင်လောက် ထမ်းထားနိုင်မှ တော်ရုံကျတာ။သေနတ်အငယ်နဲ့ မရဘူးလေ။ သေနတ်အလတ်တွေသေနတ်အကြီးတွေ အကုန်သုံးရတာလေ။ ရှော့တိုက်ဒုံးတို့ ဒရုန်းတို့လို ရာနဲ့ချီသုံးရတော့‌ မြေပြင်က PDF တပ်တွေမှာ အဲဒီပစ္စည်းတွေရှိရဲ့လားဆိုတာကို မေးခွန်း ထုတ်လို့ရပါတယ်။ အဲဒါလည်း သိသိသာသာ၊ မသိမသာမြောက်ပိုင်းအဖွဲ့တွေက သူတို့နဲ့သဘော တူညီချက်ရပြီးပူးပေါင်း ဆောင်ရွက်သလိုလို ခဏ ခဏဝါဒဖြန့်တော့ သူတို့လည်းရိုးရိုးသားသား ပြန်ထုတ်ပြန်တယ်။ အဲဒါကို ဝါဒဖြန့်မှုတွေ မဖြစ်လာနိုင်အောင်ပေါ့”လို့ PNLO နာယကဖြစ်ခဲ့သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက MNDAA ကန်ထုတ်ခံ NUG နဲ့ PDF တွေက တိုက်ခိုက်လာနိုင်ခြေကို သုံးသပ်ပြပါတယ်။

တကယ့်တကယ်မှာလည်း MNDAA က ကန်ထုတ်ခံရတဲ့ NUG ဟာ သူတို့ကို စ စင်တင်ပေးတဲ့ KNU နဲ့ တွဲပြီး ရန်ကုန်မြို့ကို ဦးတည်တဲ့ စစ်ရေးအခင်းအကျင်းဖော်ဆောင်နေတာကို တွေ့ရပါတယ်။ လတ်တလောမှာဆိုရင် AA ဟာ ငပလီသံတွဲကနေ ဧရာဝတီတိုင်းကို ငွေဆောင်၊ ချောင်းသာ၊ မော်တင်စွန်းအထိ ဆင်းမဲ့ပုံစံမြင်ရပြီး KNU နဲ့ NUG တို့ရဲ့ လက်နက်ကိုင်တွေဖြစ်တဲ့ Cobra Column ဆိုရင် ရန်ကုန်ရောက်နေကြောင်း မကြာခဏ ပို့စ်တင်နေတာပါ။ လတ်တလောမှာ ရန်ကုန်ဟာ တစ်နိုင်ငံလုံးပြည်သူတွေ စစ်ရှောင်နေတာ၊ သန်းခေါင်စာရင်းကောက်ဖို့ကလည်း ရန်ကုန်ကပဲ အဓိကအောင်မြင်မှာဖြစ်ပြီး မြန်မာ့လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ဝုန်းကနဲကောက်နိုင်မှာဖြစ်တာကြောင့် အောက်တိုဘာလဟာ MNDAA ကန်ထုတ်ခံရတဲ့ NUG အဖို့ ရန်ကုန်လာ အစွယ်ထုတ်ပြမဲ့ ကာလဖြစ်လာနိုင်ပါတယ်။

မြေပြင်သတင်းတွေအရလည်း ရန်ကုန်ကိုအမြဲဗုံးခွဲလေ့ရှိတဲ့ KNU နဲ့ PDF အင်အား ၁၅၀ ခန့်ဟာ ရန်ကုန်မှာ တစ်​ပြိုင်နက်ဗုံးခွဲဖို့ ရောက်နေပြီလို့ အသံထွက်သလို ရန်ကုန်ရောက် KNU နဲ့ PDF လက်နက်ကိုင်တွေကို ကွပ်ကဲဖို့အတွက်လည်း လက်ရှိ ရန်ကုန်တိုင်း PDF တာဝန်ခံ ဒီငြိမ်းလင်း (ဗိုလ်ဒေဝ) အထက်ကနေမဲ့ အရင် KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးရဲ့ ကိုယ်ရံတော်ဟောင်း ဗိုလ်ရန်နိုင် (ဗိုလ်မှူးကြီးစောနယ်ဒါးထူး – KNLA တပ်မဟာ (၆) ဗျူဟာမှူး) ကို ရန်ကုန်တိုင်းဘက် စေလွှတ် ကွပ်ကဲခိုင်းထားတယ်လို့လည်း သတင်းတွေ ထွက်နေတာပါ။ MNDAA က ကန်ထုတ်ချိန်၊ SAC က ရွေးကောက်ပွဲအတွက် ခြေလှမ်းပြင်တဲ့ သန်းခေါင်စာရင်းကောက်ခံချိန်မှာ ကန်ထုတ်ခံ NUG နဲ့ မြဝတီမှာ ကျရှုံးပြီးကတည်းက ဘာစစ်ရေးမှ အကောင်အထည်မဖော်နိုင်တော့တဲ့ KNU/KNLA တို့အဖို့ သူတို့လည်း အစွယ်တော့ရှိပါသေးတယ်ဆိုတာ ဖြဲပြကြဖို့အတွက် ရန်ကုန်ဟာ အောက်တိုဘာမှာ သေချာပေါက်ခတ်ကွင်းဖြစ်လာနိုင်လို့ လုံခြုံရေးတင်းကျပ်ဖို့လိုမယ်ယူဆမိကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *