September 26, 2024

၂၄.၉.၂၀၂၄
Written By Thandar

ရုပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေနဲ့ ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်အသင်းတို့က ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဘောလုံးပွဲကို ယနေ့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ MFF FUTSAL STADIUM မှာ စတင်ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့က ရေဘေးသင့်ဒေသတွေ ပြန်လည် ထူထောင်ရေး ရန်ပုံငွေဘောလုံးပွဲအတွက် အနုပညာရှင် ၃ သင်းနဲ့ ရန်ကုန်တိုင်းလက်ရွေးစင်ချန်ပီယံဖြစ်ထားတဲ့ ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်အသင်းတို့ ၄ သင်းပတ်လည် ယှဉ်ပြိုင်ကစားကြမှာဖြစ်တယ်။ ရလာတဲ့ အလှူငွေတွေအကုန်လုံးကို ဒုတိယအဆင့်အနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ သွားရောက် လှူဒါန်းသွားမှာပါ။ ဒီပွဲမှာဆိုရင် ရုပ်ရှင်က ဘောလုံးဝါသနာပါတဲ့ ညီအစ်ကိုတွေလည်း ပါမယ်။ ဂီတက ဘောလုံးဝါသနာပါတဲ့ ညီအစ်ကိုတွေပါမယ်။ နောက်ပြီး Forever Group က ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင် ဝါသနာရှင် အနုပညာရှင် ညီအစ်ကိုတွေပါပြီး ယှဉ်ပြိုင်ကြတာပါ။ ဘောလုံးပွဲယှဉ်ပြိုင်နေတဲ့အချိန်မှာလည်း တခြား ရုပ်ရှင်နယ်ပယ်ထဲက သ ရုပ်ဆောင်တွေ၊ အဆိုတော်တွေက သီချင်းတွေလာဆိုပြီး ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲကာလက ၄ ရက် ဖြစ်တဲ့အတွက် အဆင်ပြေရင်ပြေသလို အားတဲ့အနုပညာရှင်မောင်နှမတွေက ဒီမှာလာရောက်ဖျော်ဖြေကြမှာပါ”လို့ သရုပ်ဆောင်မိုးယံဇွန် ကပြောပါတယ်။

အဆိုပါ ရန်ပုံငွေဘောလုံးပွဲအနေနဲ့ စက်တင်ဘာ ၂၄ ရက်မှာတော့ ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်အသင်း YW FC နဲ့ Music FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲစတင်ကန်ခဲ့ရာ YW FC က ၄ ဂိုးရပြီး Music FC က ၆ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယပွဲစဉ်အနေနဲ့ Movie FC နဲ့ Forever Group က သရုပ်ဆောင်တွေ ပါဝင်တဲ့ Friend FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲအနေနဲ့ ဆက်လက်ပြိုင်ပွဲကန်ခဲ့ကြပါတယ်။

မနက်ဖြန် စက်တင်ဘာ ၂၅ ရက်မှာ YW FC နဲ့ Friend FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲ ၊ Movie FC နဲ့ Music FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲ ၊ စက်တင်ဘာ ၂၆ ရက်မှာ Music FC နဲ့ Friend FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲ ၊ YW FC နဲ့ Movie FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲ ပွဲစဥ်အသီးသီး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။လာမယ့် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီမှာ တတိယနေရာလုပွဲကို အုပ်စုတတိယနဲ့ အုပ်စုစတုတ္ထတို့က ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီးတော့ ညနေ ၅ နာရီမှာတော့ ဗိုလ်လုပွဲကို အုပ်စုပထမနဲ့ အုပ်စုဒုတိယအသင်းတို့က ယှဉ်ပြိုင်ဆော့ကစားသွားကြဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *