September 27, 2024

ဖြိုးဝေ
၂၄.၉.၂၀၂၄

ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ ဒေသတွေကို APTERR (Asean Plus Three Emergency Rice Reserve) အစီအစဉ်နဲ့ အရန်ဆန် ၁၀၀၂ တန်ကျော် ထောက်ပံ့ဖြန့်ဖြူးပေးမယ်ဆိုတဲ့ ရက်သတ္တပတ်မှာပဲ ထုံးစံအတိုင်း စက်သုံးဆီ တန်းစီရမှုဖြစ်စဉ်အနည်းငယ် ပြန်မြင်ခဲ့ရပါတယ်။

အခြားသောတစ်ဖက်မှာလည်း အဂတိလိုက်စားမှုဖြစ်ပွားရခြင်းရဲ့ အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ အခွန်ထမ်းနဲ့ ဝန်ထမ်း ထိပ်တိုက်တွေ့ဆုံမှုလျော့ကျဖို့ အရေးပါတဲ့ ဖြစ်စဉ်အဖြစ် အွန်လိုင်းကနေ အခွန်ဆောင်နိုင်ပြီဆိုတဲ့အခြေအနေတွေ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Ding Xuexiang တက်ရောက် မိန့်ခွန်းပြောမဲ့ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ပြခန်းပေါင်း ၈၄ ခန်း ခင်းကျင်းပြသသွားမယ်ဆိုတာတွေ၊ မြန်မာ့ရေကြီးရေလျှံမှုကို စင်ကာပူ၊ အိန္ဒိယ၊ ဩစတြေးလျ၊ အမေရိကန်၊ နော်ဝေး စတဲ့ နိုင်ငံတွေနဲ့ EU က ဒေါ်လာ သန်းဂဏန်းစီ ထောက်ပံ့မယ်ဆိုတဲ့ဖြစ်စဉ်တွေ တွေ့မြင်ရပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ နိုင်ငံပိုင်သိမ်းထားတဲ့ယာဉ်တွေကို လေလံပစ်ဖို့ မရှိသေးဘူးဆိုတဲ့အကြောင်း၊ ရေဘေးအတွက် တစ်နေ့တာ အလှူခံရာမှာ ပြည်သူ့လှူဒါန်းမှုက ကျပ် ၃၂ ဘီလျံကျော်ရရှိတဲ့အကြောင်းနဲ့ ဘန်ကောက်မှာ မြန်မာနိုင်ငံက ကွန်ဒိုဝယ်ယူမှု အလွန်မြင့်တက်လာနေတယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

◾ လေလံပစ်ဖို့ မရှိသေးတဲ့ နိုင်ငံသိမ်းယာဉ်

အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံပိုင်သိမ်းထားတဲ့ ယာဉ်အစီးရေ ၆၀၀၀ ကျော်ကို လေလံပစ်မယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမဲ့လည်း အစိုးရတာဝန်ရှိသူတွေဘက်ကတော့ မမှန်ကန်ဘူးလို့ ငြင်းဆိုထားတာ တွေ့ရပါတယ်။

ဦးသန်းရွှေအစိုးရလက်ထက်မှာ သိန်းထောင်ချီကားစျေးကွက်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သိန်းဆယ်ဂဏန်းအကြီးပိုင်းနဲ့ ရာဂဏန်းနားကျသွားပြီး မဲမသမာမှုတွေ အဂတိမှုတွေနဲ့ ဖြုတ်ချခံရတဲ့ NLD အစိုးရဟောင်းလက်ထက်မှာတော့ ဦးသိန်းစိန်ကာလထက် နှစ်ဆတက်လာသလို အခု SAC အစိုးရလက်ထက်မှာတော့ NLD အစိုးရဟောင်းကာလထက် နှစ်ဆကျော်သုံးဆ ထပ်တက်လာခဲ့ပါတယ်။ ဒီလိုမျိုး စျေးအဆမတန်တက်ကုန်တာ၊ ထုတ်လုပ်မှုလျော့ကျသွားတာအပြင် ပျက်ပြားခဲ့တဲ့ တရားစီရင်ရေးနဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေပိုင်စိုးမှုအကျပ်အတည်းကြားမှာ တရားမဝင်ကားတွေ ပိုများလာခဲ့သလို Without ကားတွေ လိုင်စင်မပေးတာ၊ မှောင်ခိုကုန်သွယ်မှုတွေ နှိမ်နင်းရာမှာ Without ကားတွေဆိုရင် သိမ်းဆည်းလာတာတွေကြောင့်လည်း နိုင်ငံပိုင်သိမ်းမိမှုကားတွေ များလာတဲ့အနေအထားပါ။

ဒီနေရာမှာ နှမြောစရာကောင်းတာတစ်ခုက အရင်တုန်းကဆို ဒီလိုမျိုးအကြောင်းအမျိုးမျိုးနဲ့ ဖမ်းထားတဲ့ကားတွေကို လမ်းကြိတ်စက်နဲ့ ကြိတ်ပစ်တယ်ဆိုတာမျိုး လုပ်ငန်းရှင်တချို့ပြောနေတာပါ။ နိုင်ငံတော်မှာ မှောင်ခိုကုန်စည်တွေ ဖမ်းမိတဲ့အခါ မူးယစ်ဆေးတွေ၊ အမျိုးသားကျန်းမာရေးကို ထိခိုက်စေတဲ့ ဆေးဝါးနဲ့ အစားအစာတွေကလွဲရင် ကျန်တဲ့ ပစ္စည်းတွေဟာ ဖျက်ဆီးပစ်တာမျိုးထက် လေလံပေးပြီး နိုင်ငံ့ဘဏ္ဍာဆီ ပြန်လည်ထည့်ဝင်တာမျိုး လုပ်သင့်တာပါ။ ကားတစ်စီးလုံးကို လမ်းကြိတ်စက်နဲ့ ကြိတ်ပြီး သံရည်ကျိုပစ်တဲ့အဖိုးအခထက် လေလံပေးပြီး အခွန်ဆောင်လိုင်စင်ဝင်ခိုင်းတာက ကားလိုအပ်ချက်များပြီး စျေးအဆမတန်မြင့်တက်နေတဲ့နိုင်ငံအတွက် ခုသာခံသာဖြစ်စေမှာပါ။ လတ်တလောမှာ NUG နဲ့ PDF တွေရဲ့ လေယာဉ်ဆီပိတ်ဆို့ရေးလှုပ်ရှားမှုနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေမှာ တစ်နွယ်ငင်တစ်စင်ပါပြီး စက်သုံးဆီအခက်ကြုံလာနေရပေမဲ့လည်း လူတစ်ဦးချင်းကားပိုင်ဆိုင်မှုမှာ အနိမ့်ဆုံးထဲက မြန်မာနိုင်ငံမှာ နိုင်ငံပိုင်သိမ်းထားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ပြန်လည်သုံးလို့ရတဲ့ကုန်စည်တွေကို ဖျက်ဆီးပစ်မဲ့အစား လေလံပေးပြီး နိုင်ငံ့ဘဏ္ဍာဖြစ်အောင် စနစ်တကျပြန်အသုံးချဖို့ပဲ စဥ်ဆက်မပြတ် လုပ်သင့်တော့တာပါ။

◾ ကျပ် ၃၂ ဘီလျံကျော်ရတဲ့ ရေဘေးအလှူ

“စုပေါင်းအားနဲ့ ကျွန်တော်တို့ ကျော်လွှားရမှာဖြစ်ပါတယ်။ ဒီနေ့ ခင်ဗျားတို့လှူတဲ့ ပိုက်ဆံက ၃၁ ဘီလျံကျော်(ကနဦးရငွေ)ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး။ ကျွန်တော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း ငွေသုံးရတာနဲ့ ပတ်သက်လို့ရှိရင်၊ အရမ်းသုံးလို့လည်းမရပါဘူး။ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်းသွားပြီးတော့ အများကြီးစကားပြောပါတယ်။ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ဝိုင်း တာဝန်ယူပေးလိုက်တာလည်းဖြစ်ပါတယ်။ ကျွန်တော်မှတ်ထားပါမယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ မှတ်ထားပါမယ်။ ကျွန်တော်တစ်ကယ်မျှော်လင့်တုန်းက သုံး၊ လေးဘီလျံလောက်ပဲ မျှော်လင့်ပါတယ်။ ထပ်လောင်းပြောရလို့ရှိရင် သဒ္ဒါတရားထက်သန်စွာနဲ့ ဒီနေ့ငွေတွေလာလှူပေးကြတဲ့ အလှူရှင်များ၊ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ကြောင်း ထပ်လောင်းပြီး ပြောပါရစေ။ နောင်မှာလည်း တိုင်းပြည်ရဲ့လိုအပ်ချက်တွေရှိလာတဲ့အခါမှာလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့အတွက်လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်းပဲ ဖြစ်အောင်သွားပါမယ်။ ကျွန်တော်တို့ တကယ်တန်းပြောရလို့ရှိရင်တော့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်က ပြီးခဲ့တဲ့ ဟို ၂ နှစ်ကတည်းက ပြီးရမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် မပြီးဘူးဖြစ်သွားပြီးတော့ ဒီဖက်အထိ ရှည်လာတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပြီးအောင် အကောင်အထည်ဖော်ချင်ပါတယ်။ ဒီအတွက်လည်း ဝိုင်းဝန်းကူညီပေးကြဖို့လည်း ပြောလိုပါတယ်။ လာမယ့် အောက်တိုဘာလတစ်ရက်နေ့မှာ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးအစီအစဉ် ရှိပါတယ်။ ဒီမှာလည်း အောင်မြင်အောင်လည်း ဝိုင်းကူညီပေးကြဖို့နဲ့ အဲ့ဒီက နောက်ဆက်တွဲက ကျွန်တော်တို့က ဒီအပေါ်မှာအခြေခံပြီးတော့ မဲစာရင်းတွေပြုစု၊ ပြီးလို့ရှိရင် ရွေးကောက်ပွဲတွေ ကျွန်တော်တို့လုပ်ပြီးတော့ နိုင်ငံတော်ကို ပြည်သူရွေးချယ်တဲ့ လမ်းကြောင်းအတိုင်း သွားကြဖို့ပဲဖြစ်ပါတယ်၊ ဒီမှာလဲဝိုင်းဝန်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။”လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်မှာပြုလုပ်တဲ့ ရေဘေးသင့်ပြည်သူတွေကို အလှူငွေလှူဒါန်းကြနဲ့ပတ်သက်ပြီး ဝမ်းသာအားရပြောလာတာကို တွေ့ရပါတယ်။

စက်တင်ဘာ ၂၁ ရက်က ပြုလုပ်တဲ့ ရေဘေးသင့်အလှူငွေလက်ခံပွဲဟာ နေပြည်တော်အပြင် ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာလည်း ပြုလုပ်ခဲ့ပြီး အဲဒီနေရာတွေမှာလည်း ကျပ်သိန်းထောင်ချီ အလှူငွေရရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့လည်း ဆိုင်ကလုန်းရာဂီကြောင့်ဖြစ်လာရတဲ့ ရေဘေးမှာ မြန်မာ့မြို့နယ်ပေါင်း ၃၃၀ ထဲက ၆ ပုံ ၁ ပုံ (၁၆ရာခိုင်နှုန်းခန့်) ၅၄ မြို့နယ်ခန့် ရေကြီးခဲ့တဲ့အပြင် စက်တင်ဘာ ၂၁ ရက် နံနက်စာရင်းတွေအရ လုံးဝပျက်စီးသွားတဲ့ အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တဲ့ အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြုပ်ခဲ့တဲ့ အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး၊ စုစုပေါင်း ၁၄၁၆၂၇ လုံးအပြင် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့သလို ပျောက်ဆုံးနေသူ ၈၉ ဦးရှိပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ ကျောင်း ၄၃၅ ကျောင်း၊ လမ်းတံတား ၅၃၃ ခု၊ လျှပ်စစ်မီးတိုင် ၂၄၈၉ တိုင်၊ ဆက်သွယ်ရေးတာဝါတိုင် ၉၉ တိုင်၊ တိရစ္ဆာန်သေဆုံးမှု ၁၄၄၉၉၈ ကောင်နဲ့ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့ပါသေးတယ်။ ဒီနေရာမှာ လူသေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုတွေဟာ အုပ်ချုပ်ရေးအာဏာကင်းလွတ်နေတဲ့နေရာတွေမှာပါ ထည့်တွက်မယ်ဆိုရင်၊ ဒီနေအထိ ရင်ဆိုင်နေရဆဲ ရေကြီးမြေပြိုမှုတွေနဲ့ ချိန်ဆမယ်ဆို အာရှကို ရာဂီပေးတဲ့ဒုက္ခမှာ မြန်မာနိုင်ငံက အထိအနာဆုံးလို့ကို ပြောရမှာပါ။ ဒါပေမဲ့လည်း လက်ရှိအလှုခံရငွေ ၃၂ ဘီလျံကျော်အပြင် နိုင်ငံတော်ကလည်း ကျပ်ဘီလျံ ၃၀ ကျော်သုံးစွဲဦးမယ်သိရသလို အိမ်ပျက်စီးသွားသူတွေကို ပျက်စီးမှုအလိုက် လျော်ကြေးပေးဖို့ တွက်ချက်နေတာ၊ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီထောက်ပံ့နေတဲ့ မြန်မာ့စိတ်ရင်းမှန်လေး ပြန်မြင်ရတာတွေကြောင့် အဆိုးဆုံးထဲက အကောင်းလေးတွေရှိနေသေးတာကပဲ တော်သေးတယ်လို့ ဖြေတွေးတွေးရမှာပါ။

◾ ဘန်ကောက်မှာကွန်ဒိုဝယ်ယူမှုစံချိန်တင်ဆဲ မြန်မာ

ထိုင်းနိုင်ငံက အိမ်ခြံမြေအရောင်းအဝယ် သတင်းအချက်အလက်ဗဟို(REIC) ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ်ရဲ့ ပထမခြောက်လအတွင်း မြန်မာနိုင်ငံသားတွေက တန်ဖိုး ဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံဖိုးရှိ ကွန်ဒို အခန်းပေါင်း ၆၃၈ ခန်းကို ဝယ်ယူခဲ့ကြပြီး ဒီပမာဏက ၂၀၂၃ ခုနှစ်တစ်နှစ်ပတ်လုံးမှာ မြန်မာနိုင်ငံသားတွေ ဝယ်ယူတဲ့ ကွန်ဒိုအခန်း ၅၆၄ ခန်း၊ ဘတ်ငွေ ၃ ဒသမ ၇ ဘီလျံ ဝယ်ယူမှုထက်များစွာမြင့်တက်လာခဲ့တယ်ပြောပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်က ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလျံဖိုးရှိ ကွန်ဒို အခန်းပေါင်း ၃၄၉ ခန်းဝယ်ယူမှုထက်လည်း များပြားနေပြီး နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ်က ကွန်ဒိုအခန်း ၃၀ နဲ့ ဘတ်ငွေ ၂၇၄ သန်းဖိုးပဲဝယ်တာနဲ့ ချိန်ဆမယ်ဆိုရင် သုံးနှစ်အတွင်းမှာ အဆပေါင်း ဆယ်ချီမြင့်တက်လာခဲ့တာကို မြင်ရပါတယ်။

နွေဦးတော်လှန်ရေးစတင်ရာ ၂၀၂၁ နောက်ပိုင်းကစပြီး ထိုင်းနိုင်ငံရဲ့ ကွန်ဒိုကြိုပွိင့် ဈေးကွက်အတွင်းမှာ မြန်မာ့ဝယ်လက်တွေက ဒုတိယအကြီးဆုံးအုပ်စုဖြစ်လာတယ်လို ဘန်ကောက်အခြေစိုက် Nobel Development အဖွဲ့က ပြောခဲ့သလို ဘတ်ငွေ ၂ သန်းကနေ ၄ သန်းကြား တိုက်ခန်းတွေကို မြန်မာနိုင်ငံသားတွေ ဝယ်ယူစုဆောင်းနေတယ်လို့လည်း အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီ Sen X က ပြောထားခဲ့ပြီး ဒီနှစ်ထဲမှာပဲ ဘန်ကောက်အိမ်ခြံမြေကို မြန်မာနိုင်ငံသားတွေ ပိုဝယ်ကြဦးမယ်လို့ ထိုင်းအိမ်ခြံမြေသုတေသနပြုလုပ်သူတွေက နှစ်ဆန်းပိုင်းမှာ သုံးသပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဒေသတွင်းမတည်ငြိမ်တာ၊ အိမ်ခြံမြေစျေးကစားကြလို့ စျေးတွေအဆမတန်တက်လာတာ၊ နယ်မြို့တွေမှာဆို PDF တွေနဲ့ လက်နက်ကိုင်တွေက မြို့သိမ်းတာ၊ ချမ်းသာကြွယ်၀သူတွေ ဆက်ကြေးကောက် ပြန်ပေးဆွဲငွေတောင်းလို့ နေရာရွှေ့ပြောင်းတာကြောင့် နေရာရွှေ့ပြောင်းကြလို့ တည်ငြိမ်တဲ့ ရန်ကုန်မှာ ကွန်ဒိုအဆင့်မရှိတဲ့ အခန်းတွေတောင် အဆမတန် စျေးနှုန်းမြင့်တက်လာလို့ မြန်မာနိုင်ငံထက် အစစအရာရာစျေးသက်သာပြီး လွတ်လပ်တည်ငြိမ်တဲ့အပြင် အေးချမ်းတဲ့ ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ ရွှေ့ပြောင်းအခြေချလာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာတွေအဝယ်များတဲ့ ဘတ် ၂ သန်းဆိုတဲ့ ကွန်ဒိုအဆင့်မျိုးဟာ အခု ဘတ်စျေးမြင့်တက်မှုကြောင့် ကျပ်ငွေ သိန်း ၃၀၀၀ ပတ်လည်ပဲဆိုပေမဲ့ မြန်မာနိုင်ငံက တောင်ဒဂုံလိုနေရာမျိုးမှာ ဆယ်ပေအိမ်အစုတ်တောင် သိန်း ၇၀၀၊ ၈၀၀ လောက်ဖြစ်လာနေတာပါ။ ပေ ၂၀၊ ပေ ၆၀ ဆိုရင် အချက်အခြာကောင်းတဲ့နေရာတွေမှာ သိန်း ၃၀၀၀၊ ၄၀၀၀ အထက် အရောင်းအဝယ်တွေလည်း ဖြစ်နေပါတယ်။ ဒါကြောင့်မိုလိုလည်း မြန်မာနိုင်ငံက သူဌေးတွေတင်မက ရန်ကုန်မှာ သာမန်အိမ်ခြံမြေ ပေ၊ ၂၀ ပေ ၆၀ တစ်ကွက်လောက် နေရာနည်းနည်းကောင်းတဲ့နေရာမျိုးမှာ ပိုင်သူတွေကတောင် ရှိတဲ့ အိမ်ခြံမြေရောင်းပြီး ဘန်ကောက်မှာ ရွှေ့ပြောင်းအခြေချနေထိုင်ကုန်ကြတာပါ။ လက်ရှိမှာဆိုရင် ငွေကြေးတန်ဖိုး ကျပြီးရင်းကျပြီး စစ်ဘေးပဋိပက္ခက မြင့်တက်ပြီးရင်း မြင့်တက်နေတာကြောင့်လည်း မြန်မာနိုင်ငံကပြည်သူတွေဟာ ထိုင်းနိုင်ငံကိုပဲ အလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင်နေကြတာဟာ နိုင်ငံအဖို့တော့ ဦးနှောက်ယိုစီးမှုထက်ဆိုးရွားတဲ့ လူသားအရင်းအမြစ်ပျက်သုဉ်းခြင်းနဲ့ နိုင်ငံ့ဓနဥစ္စာအလုံးအရင်းနဲ့ ရွှေ့ပြောင်းခြင်းကိုပါ ကြုံနေရတာပါ။

အရင်တစ်ချိန်က တရုတ်၊ ရုရှားတို့ဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကွန်ဒိုဝယ်သူတွေဖြစ်ပေမဲ့ ပြည်တွင်းစစ်ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ စစ်မှုထမ်းဥပဒေအကြောက်တရားအောက်မှာ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအခြေချဖို့ ရုရှားကွန်ဒိုဝယ်သူထက် ပိုကြိုးပမ်းလာနေတာကလည်း မြန်မာနိုင်ငံမှာ လူလတ်တန်းစားပျောက်ပြီး ချမ်းသာဆင်းရဲ ကွာဟမှုအရမ်းကြီးလာတယ်ဆိုတဲ့ စစ်တမ်းတွေရဲ့ ဇစ်မြစ်ပါပဲ။ မြန်မာ့အိမ်ခြံမြေစျေး အဆမတန်ကြီးမြင့်တဲ့ ဒီအကျပ်အ တည်းကလည်း ကျားဖြန့်လို ငွေအလုံးအရင်းဝင်စျေးကစားတဲ့ စျေးကွက် ပျက်သွားတာတောင် စျေးနှုန်းတက်ပြီးရင်းတက်နေတဲ့ အခြေအနေဖြစ်နေတာ၊ NUG နဲ့ PDF ခေါင်းဆောင်တွေက ရန်ကုန်၊ မန္တလေးလို နေရာတွေမှာ အမည်လွှဲတွေနဲ့ အိမ်ခြံမြေဝယ်တာတွေလည်း ကြားလာနေရတာတွေလည်း ဆက်ဖြစ်နေဆဲပါ။ ဒီလိုမျိုး အဆမတန်ဖောင်းပွနေတဲ့ အိမ်ခြံမြေစျေး ထိန်းနိုင်ဖို့ဆို အစိုးရက အငှားအိမ်ရာတွေ၊ မြိုသစ်ထပ်တည်တာတွေ၊ ပိုင်ဆိုင်မှုအခွန်ကောက်တာတွေနဲ့ ထိန်းမှရမဲ့ အခြေအနေဖြစ်သလို နိုင်ငံရေးပဋိပက္ခတွေရပ်ပြီး အပြောင်းအလဲတစ်ခုခုဖြစ်မှလည်း မြန်မာနိုင်ငံသားတွေ ထိုင်းကို ရွှေ့ပြောင်းအခြေချတာ ရပ်တန့်မှာပါ။ နိုင်ငံရေးအပြောင်းအလဲမဖြစ်သရွေ့ အိမ်ခြံမြေစျေးမထိန်းနိုင်သရွေ့တော့ လက်ရှိအခြေအနေဆိုးတွေ ရပ်တန့်ဖိုမဖြစ်နိုင်သေးသလို နှစ်ဆမကမြင့်တက်လာတဲ့ အိမ်ငှားခတွေကြောင့် သာမန်ပြည်သူတွေက ကျောတစ်ခင်းစာလည်း အရမ်းခက်လာလို့ ကျူးလူတန်းစားတွေ တိုးသထက်တိုးလာတော့မယ့်အခြေအနေကိုလည်း ပြန်ကြုံရပါဦးမယ်လို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *