September 27, 2024

၂၄.၉.၂၀၂၄

Written by Hey Mar

ရေကြီးနေတဲ့ ရှမ်းပြည်‌နယ်တောင်ပိုင်း အင်းလေးဒေသနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဒီနေ့ စက်တင်ဘာ ၂၄ ရက်နေ့နဲ့ မနက်ဖြန် ၂၅ ရက်နေ့တွေမှာ မိုးများ‌နိုင်မယ်လို့ ထုတ်ပြန်ကြေညာထားပြီး တောင်ကျရေတွေ ဆက်လက်စီးဝင်နိုင်လို့ ပိုမို သတိပြုနေထိုင်ကြစေလိုကြောင်း မိုးလေဝသနဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။

မိုးများရင် အင်းရေပြင်ပိုမိုမြင့်တက်နိုင်တဲ့နေရာတွေက ဟဲဟိုး၊ ညောင်ရွှေ၊ အင်းပေါခုံ၊ အင်းတိန် စတဲ့ နေရာတွေ ဖြစ်ပြီး လက်ရှိမှာလည်း လွန်ခဲ့တဲ့ ၃ ရက်က ရေစီးကြောင့် ကျိုးကျခဲ့တဲ့ အင်းတိန်-အောင်ပန်း‌(မှော်ဘီ)သွားတံတားကို သံကူကွန်ကရစ်တံတား ပြန်တည်ဆောက်နေတယ်လို့ သိရှိရပါတယ်။

တောင်ကြီးမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူက “အခုလောလောဆယ်တော့ ရေဘေးသင့်ပြည်သူ‌တွေ အတော်များများက ဘုန်းကြီးကျောင်းတွေမှာရှင့်။ အရင်ကတည်းက အင်းထဲက ရေတက်တဲ့အခါ ဘုန်းကြီးကျောင်း တော်တော်များများက အမြင့်တွေဆောက်ထားတာရှင့်။ အင်းထဲကအိမ်တွေကလည်း ခြေတံရှည် နှစ်ထပ်အိမ်တွေပေမယ့် ရေက အောက်ထပ်မြှုပ်ပြီး ရေဆွဲအားနဲ့ အပေါ်ထပ်မှာလည်း နေလို့အဆင်မပြေတော့ဘဲ ရမ်းခါနေတော့ ဘုန်းကြီးကျောင်းတွေ ရွှေ့နေကြတယ်ရှင့်။ အခုထိလည်း ရေက မကျသေးပါဘူး။ ဒီနေ့တောင်ကြီးမှာလည်း မိုးရွာနေပြီမို့ အထက်ကရေ အောက်ဆင်းရင် ရေပိုမြင့်နိုင်တယ်လို့ တွေးရတယ်ရှင့်” လို့ MT News ကို ပြောပါတယ်။

အင်းလေးဒေသက ပုံမှန်မိုးရာသီတွေမှာဆိုရင်လည်း အင်းရေက မူလထက် ၅ ပေကနေ ၇ ပေနီးပါး တက်တတ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမယ့် အင်းလေးကန်ရေရဲ့ ပုံမှန်ရေစစ်အမှတ်ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ရေဝေရေလဲ ဒေသတွေမှာ သစ်တောပြုန်းတီးတာ၊ ကန်တစ်ကြောမှာ ရေပေါ် ဟိုတယ်တွေအပါအဝင် ကောလာတဲ့ မြေနုကျွန်းပေါ်က စိုက်ခင်းတွေကြောင့် ဂေဟစနစ်လည်း သိသိသာသာ ပျက်စီးလာနေတာပါ။

“အခုလို အခြေအနေမျိုးတော့ ကျွန်မတစ်သက် အခု အသက် ၃၀ ကျော်တဲ့အထိတော့ မကြုံဖူးခဲ့သေးဘူးရှင့်။ အခုက ‌အခြေအနေဆိုးပါတယ်။ လူသေပျောက်တာတွေ ရှိတယ်။ လက်ရှိ စာရင်းအရဆိုရင် ၁၁ ဦးကျော်နေပြီ။ စာရင်းအကုန်မရသေးဘူး။ ထပ်ရှိလာနိုင်သေးတယ်လို့ ခန့်မှန်းရပါတယ်” လို့ တောင်ကြီးမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူက အင်းလေးဒေသ ကူညီကယ်ရေးလုပ်ကိုင်နေစဉ် ကြုံတွေ့ရတဲ့ အခြေအနေတွေကို ပြောပါတယ်။

အင်းလေးဒေသရဲ့ ရေပြင်ဧရိယာမှာ ၂၄ စတုရန်းမိုင်၊ စိုက်ခင်း ၈ စတုရန်းမိုင်လို့ သိရပြီး ဒေသတွင်းမှာ လူဦးရေ ၁ ဒသမ ၉ သိန်း နေထိုင်ကြတယ်လို့ သိရပါတယ်။ လက်ရှိရေအခြေအနေအရ ကန်ရေပြန်ကျဖို့နဲ့ ပြန်လည်ထူထောင်ရေးကာလ ၃ လနီးပါးကြာမြင့်နိုင်ကြောင်းလည်း ဒေသခံ လူမှုအဖွဲ့အစည်းတွေက အကူအညီ‌ပေးရချိန် မျက်မြင်ကြုံတွေရတဲ့ အခြေအနေတွေပေါ်မူတည်ပြီး ခန့်မှန်းနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *