September 27, 2024

၂၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်သော ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့မှာ မြို့တွင်းသို့ ဖြတ်သန်းစီးဆင်းသော မြစ်၏ ရေမျက်နှာပြင်က အဆက်မပြတ်မြင့်တက်လာခဲ့သည်နှင့်အမျှ မြို့မှာလည်း ရေလွှမ်းမိုးမှုဘေးအန္တရာယ်နှင့်ကြုံရနိုင်သော အခြေအနေသို့ စက်တင်ဘာလ ၂၄ ရက်နံနက်တွင် ရောက်ရှိနေရကြောင်း သိရသည်။

မြို့အားဖြတ်သန်းစီးဆင်းနေသော Ping မြစ်ကရေမျက်နှာပြင် လျင်မြန်စွာမြင့်တက်လာခဲ့၍ မြစ်ကမ်းဘေးနေထိုင်သူများအား မော်တော်ကားများနှင့်တကွ ကုန်းမြင့်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် အကြံပြုထားပြီး မြို့တွင်းသို့ စက်တင်ဘာလ ၂၄ ရက် ညပိုင်းတွင် ရေဝင်ရောက်လာနိုင်ကြောင်း မျှော်လင့်ထားကြသည်။

နေ့လယ်ပိုင်းတွင် ချင်းမိုင်မြို့အတွင်း ရေလွှမ်းမိုးမှု မဖြစ်သေးသော်လည်း ကားလမ်းများအပေါ် ရေစတင် ဝင်ရောက်လျက်ရှိသည်။ ချင်းမိုင်မြို့စည်ပင်သာယာကလည်း ရေလွှမ်းမိုးမှုဖြစ်အံ့ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေကြောင်း သတိပေးချက်ထုတ်ထားသည်။ ညနေ ၅ နာရီခန့်တွင် မြစ်၏ ရေမျက်နှာပြင်က စိုးရိမ်ရေမှတ်သို့ရောက်လာပြီး မြေနိမ့်ဒေသများတွင် ရေလွှမ်းမိုးနိုင်ကြောင်း သတိပေးချက်ကဆိုသည်။

ရာသီဥတုခန့်မှန်းချက်အရလည်း ဗီယက်နမ်နိုင်ငံမှ ရွေ့လျားလာသော လေဖိအားနည်းဆဲလ်များက ထိုင်းနိုင်ငံမြောက်ပိုင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားကာ အဓိကအားဖြင့် ချင်းမိုင်၊ ချင်းရိုင်နှင့် မဲဟောင်ဆန်ပြည်နယ်တို့ကိုဖြစ်ကြောင်း၊ ထိုပြည်နယ်များမှ ပြည်သူများက လျှပ်တပြက်ရေကြီးမှုများ၊ မြေပြိုမှုများကိုသတိထားကြရန် ဖော်ပြထားသည်။

လမ်ပန်နှင့်ချင်းမိုင်ဘူတာများအကြား ရထားလမ်းပေါ်သို့လည်း စက်တင်ဘာလ ၂၃ ရက်ညက မြေပြိုကျကာ ရေလွှမ်းမိုးနေမှုကြောင့် ချင်းမိုင်သို့သွားသော ရထားလမ်းများအား ရပ်ဆိုင်းထားရကြောင်း သိရသည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *