September 27, 2024

၂၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

၂၀၂၄ ခုနှစ်၏ ပထမခြောက်လအတွင်း မြန်မာနိုင်ငံသားများ၏ ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်းဝယ်ယူမှုများက မြင့်တက်လာနေကြောင်းစာရင်းမှတ်တမ်းမျာအရ သိရသည်။

အိမ်ခြံမြေအရောင်းအဝယ် သတင်းအချက်အလက်ဗဟို(REIC) ၏ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်၏ ပထမခြောက်လအတွင်း မြန်မာနိင်ငံသားများသို့ တန်ဖိုး ဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံဖိုးရှိ ကွန်ဒို အခန်းပေါင်း ၆၃၈ ခန်း ကို လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းက ၂၀၂၃ ခုနှစ်တစ်နှစ်လုံးတွင်မှ မြန်မာနိုင်ငံသားများက ကွန်ဒိုအခန်း ၅၆၄ ခန်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၃ ဒသမ ၇ ဘီလျံ ဝယ်ယူမှုထက်များစွာ မြင့်တက်လာခဲ့သည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူမှုက ၂၀၂၁ ခုနှစ်တွင် တန်ဖိုး ဘတ်ငွေ ၂၇၄ သန်းဖိုးရှိ ကွန်ဒို အခန်းပေါင်း ၃၀ သာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် တန်ဖိုး ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလျံဖိုးရှိ ကွန်ဒို အခန်းပေါင်း ၃၄၉ ခန်း အထိမြင့်တက်ကာ နှစ်အလိုက် ပုံမှန်မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့်လည်း ၂၀၂၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသားများ၏ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှုက အများဆုံးဆယ်နိုင်ငံတွင် စတင်ပါဝင်လာသည်။

၂၀၂၂ ခုနှစ်ကဆိုလျှင် ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု၌ တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိသျှနှင့် ပြင်သစ်နိုင်ငံသားများပြီးလျှင် ဆဋ္ဌမနေရာတွင်ရှိခဲ့သည်။ သို့သော် တန်ဖိုးအားဖြင့်မူ တရုတ်နှင့် ရုရှားတို့ပြီးလျှင် မြန်မာနိုင်ငံသားများဝယ်ယူမှုက တတိယတန်ဖိုးအများဆုံးဖြစ်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင်မူ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူမှုက တရုတ်၊ ရုရှားနှင့် အမေရိကန်နိုင်ငံသားများပြီးလျှင် အရေအတွက်အားဖြင့် စတုတ္ထအများဆုံးဖြစ်လာသည်။ တန်ဖိုးအားဖြင့်လည်း တရုတ်နှင့် ရုရှားတို့ပြီးလျှင် မြန်မာနိုင်ငံသားများဝယ်ယူမှုက တတိယတန်ဖိုးအများဆုံးဖြစ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူမှုက အရေအတွက်အရရော၊ တန်ဖိုးအရပါ ရုရှားနိုင်ငံသားများကို သာလွန်ကာ ဒုတိယနေရာတွင် ရှိနေကြောင်းတွေ့ ရသဖြင့်ထိုင်းနိုင်ငံတွင်မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူမှုက မြင့်တက်လျက်ရှိကြောင်း သုံးသပ်ရသည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *