September 27, 2024

၂၄.၉.၂၀၂၄
Written By Zun

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်ဘုရား တောင်တက်လမ်းတွင် ဆန်သွားလှူသည့် Light Truck တစ်စီး တိမ်းမှောက်၍ တစ်ဦးဒဏ်ရာရမှု ယနေ့ စက်တင်ဘာ ၂၄ ရက်နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရအမျိုးသမီးအား စစ်ကိုင်း ကုတင်၂၀၀ ဆေးရုံကြီးသို့ သုခကာရီကျန်းမာရေးနှင့်လူမှူကူညီရေး အသင်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သူတို့က ဘုန်းကြီးကျောင်းကိုလာပြီးတော့ ဆန်လှူတာ။ တောင်တက်လမ်းမှာ ဘရိတ်ပေါက်ပြီး မှောက်တာ။ အမျိုးသမီးတစ်ယောက် ခြေထောက်ကွဲဒဏ်ရာ ရသွားပါတယ်။ ကျွန်တော်တို့ ဆေးရုံကို လိုက်ပို့ခဲ့ပါတယ်”ဟု သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက MT News ကို ပြောသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စိန်ကုန်းအရန်မီးသတ်တပ်ဖွဲ့၊ သုခကာရီကျန်းမာရေးနှင့်လူမှူကူညီရေးအသင်း၊ အိုးဘိုကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း၊ ပညာမောင်ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း၊ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး(အရန်မီးသတ်တပ်ဖွဲ့)တို့ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“သူတို့က ဘုန်းကြီးကျောင်းကို ဆန်လှူနေကြ။ နှစ်တိုင်းပေါ့။ အခုလည်း ဆရာတော်ကျောင်းကို ဆန်သွားလှူကြတာတဲ့။ရွှေဘိုဘက်ကလို့ ပြောတယ်။ ဆန်အိတ်တွေနဲ့ လူက အမျိုးသမီး ၁၀ ယောက်လောက်နဲ့ အမျိုးသား ၄ ယောက်လောက်ပါတယ်လို့ သိရတယ်”ဟု အခင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *