September 27, 2024

ပုံစာ။ မွေးစားမိဘ၏ နှိပ်စက် မုဒိမ်းကျင့်ခံသမီးငယ်နှင့် အဘိုးတို့မြင်ကွင်း။

၂၄.၉.၂၀၂၄
Written by Hey Mar

အသက်ငါးနှစ်အရွယ် ကလေးငယ်ကို မွေးစားမိဘတွေက နှိပ်စက်ကာ မွေးစားအဖေက သားမယားပြုကျင့်ပြီး ငွေကျပ် လေးသိန်းယူကာ နှုတ်ပိတ်နေဖို့ အဘိုးအဘွားတွေကို ခြိမ်းခြောက်ပေမယ့် လက်မခံဘဲ အရဲစွန့်ကာ တောင်ငူမြို့ပေါ်တက်လာတဲ့ မြေးအဖိုးကို တရားဥပဒေအကြောင်းအရ Save The Trees Rescue Team မှ အကူအညီပေးနိုင်ရေး ဒီနေ့ စက်တင်ဘာ ၂၄ ရက်‌မှာ စတင်ဆောင်ရွက်နေတယ်လို အသင်းတာဝန်ရှိသူ ကိုကျော်သူရက MT News ကို ပြောပါတယ်။

“ကျွန်တော့်ဆီ ရောက်လာတာဆိုတာထက် သူတို့ရွာကနေ ဒီတောင်ငူက အသိမိတ်ဆွေအိမ်ကို ရှာတာမှာ မိုးချုပ်ပြီး ရှာမ‌‌တွေ့လို ဆိုင်ကယ် ကယ်ရီသမားက ခေတ္တအကူအညီယူဖို ကျွန်တော့်အသင်းလာပို့တာ။ ကူညီပေးမှာ အမှန်ပဲ။ အခု အမှုတည်ဆောက်ဆဲကာလမို့ အခြားအချက်အလက်တွေ မပြောချင်သေးပါဘူး။ ကျွန်တော် နေရပ် အမည် အကုန်လွှဲပြီး လူမှုကွန်ရက်မှာ အသိပေးထားတာပါ” လို့ ကိုကျော်သူရက ပြောပါတယ်။

အသင်းတာဝန်ရှိသူ ကိုကျော်သူရရဲ့ လူမှုကွန်ရက်မှာ တင်ထားတာက ကလေးငယ်မှာ မျက်နှာအပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်အပြည့်ဖြစ်နေကြောင်း၊ အဘိုးဖြစ်သူလည်း ကလေးငယ်နဲ့ အတူပါ‌ကြောင်း၊ ကလေးက ဗိုက်အရမ်းဆာနေပုံရတာကြောင့် ထမင်းကျွေးပြီး နားစေကြောင်း၊ ဖြစ်ကြောင်းကုန်စင်မေးရာမှာတော့ အဘိုးဖြစ်သူ ပြောပြရာမှာ ကလေးငယ်‌အဖေက ဆင်ဦးစီးတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ ကလေးအမေကို အရမ်းနှိပ်စက်တာ‌ကြောင့် ကလေးအမေထွက်ပြေးသွား‌ကြောင်း၊ ဆေးကြောင်နေတဲ့အဖေနဲ့ ကလေးငယ်လေးအဆင်မပြေတာ၊ အဘိုးနဲ့ အဘွားကလည်းဆင်းရဲ့နွမ်းပါးတဲ့အတွက် ကလေးကိုစောင့်ရှောက်ဖို့ တောင်းတဲ့ မိသားစုတစ်စုဆီ အမွေစားအမွေခံထည့်ပေးလိုက်ကြောင်း၊ မွေးစားမိဘတွေဆီမှာနေပြီး တစ်နှစ်အကြာမှာ ကလေးအဆင်မပြေဘဲ ဦးနှောက်ထဲငှက်ဖျားပိုး၀င်တယ် အခြေအနေမကောင်းဘူးဆိုကာ မွေးစားမိဘက အစိုးရဆေးရုံတစ်ခုမှာဆေးကု‌ပေးကြောင်း၊ တစ်ပတ်အကြာမှာ ဆေးရုံကခိုးဆင်းကြောင်း၊ ကလေးဆေးရုံကဆင်းလာတဲ့အချိန် အဘိုးအဘွားတွေ တွေ့လိုက်ရတာက အရိုးပေါ်အရေတင် ဗိုက်ပူနံကား ဒဏ်ရာဗလပွနဲ့ ဖြစ်နေကြောင်း၊ ကလေးရောဂါကိုတော့ အဘိုးအဘွားက ဆေးမြီးတိုနဲ့ ဆက်ကု‌ကြောင်း၊ ကလေးညဘက်အိပ်တဲ့အခါ မိန်းမကိုယ်က အောင့်တယ်ပြောလို့ ကြည့်ရာမှာ ယောင်ကိုင်းနေတာကိုတွေ့ရကြောင်း၊ ကလေးကို ချော့မော့မေးတဲ့အခါ ‌‌မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ ပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓားနဲ့ ခုတ်ကြောင်း၊ ပါးစပ်ထဲကို ရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ရှို့ကြောင်း၊ ထမင်းအငတ်ထား‌ကြောင်း၊ မျက်နှာကို လက်သီးနဲ့ထိုးတာ‌ကြောင့် သွားတွေကျိုးပြီး သွားဖုံးတွေကွဲသွားကြောင်း သိရသလို မိသားစုက မ‌ကျေနပ်လို့ ပြောဆိုဖြေရှင်းတဲ့အခါမှာ အုပ်ချုပ်‌ရေးမှူးဆိုသူက ခြိမ်း‌ခြောက်စကားဆိုကြောင်း၊ နစ်နာကြေး လေးသိန်းပေးမယ် ကြေအေးလိုက်ပါဆိုပြီးပြောပေမဲ့ မယူခဲ့ကြောင်း သိရတယ်လို့ Save The Trees Rescue Team မှ တာဝန်ရှိသူတွေကို ပြောပြတယ်လို့ ရေးသားထားပါတယ်။

လက်ရှိအချိန် ၂၄ ရက်နေ့အထိ လက်တလောသိထားသမျှနဲ့ ကလေးဆေးစစ်ဖို့၊ ဆေးကုဖို့၊ တရားဥပဒေအရ ထိရောက်စွာအရေးယူဖို့ Save The Trees Rescue Team အသင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုင်ပင် ပြင်ဆင်နေပြီး အဖြစ်မှန် မပျောက်ပျက်စေဘဲ ထိရောက်စွာအရေးယူနိုင်ရေး ရပ်တည်ဆောင်ရွက်ပေးသွားမယ်လို သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *