September 27, 2024

၂၄.၉.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုတွေရရှိထားတဲ့ သရုပ်ဆောင်နေမျိုးအောင်ဦးဆောင်မှုနဲ့အတူ ရမည်းသင်းမြို့နယ်၊ ချောင်းဖျားကျေးရွာနဲ့ သပြေပင်ကျေးရွာ၊ ဝါးဖြူတောင်ရွာတွေက ရေဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ စားသောက်ကုန်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

“လူသားအချင်းချင်း စာနာစိတ်လေးတစ်ခုနဲ့ ကိုယ်တိုင်သွားရောက်လှူဒါန်းတာပါ။ ကျွန်တော့်ဘက် ဒီလိုပုံစံမြင်တွေ့ရတာ စိတ်မကောင်းဖြစ်မိပါတယ်။ အလှုရှင်တွေမရောက်တဲ့ ချောင်းဖျားရွာလေးက အိမ်ခြေ ၃၀၀ ရှိပါတယ်။ ရွာလုံးကျွတ် အစားသောက်ရှားပါးပြီးတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် အလှူရှင်များကို ရွာသားတွေအားလုံး အားကိုးစွာ မျှော်နေတာတွေ့ရပါတယ်။ စိတ်ထဲလည်း မကောင်းဖြစ်ရပါတယ်။ ဖုန်းလိုင်း လုံးဝရပါဘူး။ အဲနေရာမှာတော့ ရေသန့်ဗူးတွေ မလိုအပ်ပါဘူး။ တခြားပစ္စည်းနဲ့ ငွေသားလေးဆို ပိုအဆင်ပြေပါတယ်။ ဒီလိုခက်ခဲတဲ့နေရာကို လှူပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်။ ဒီနေရာကို သွားဖို့က အိမ်စီး ကားများမရပါဘူး။ လမ်းကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက်စေချင်ပါတယ်။ တကယ် မလိုအပ်တဲ့လူပိုတွေ တတ်နိုင်ရင် မလိုက်တာ အကောင်းဆုံးပါ။ ခရီးလမ်းတော်တော်ကြမ်းလို့ပါ”လို့ သရုပ်ဆောင် နေမျိုးအောင် ပြောပါတယ်။

အဆိုပါ လှူဒါန်းမှုမှာတော့ သရုပ်ဆောင်နေမျိုးအောင်၊ မင်းသားကြီး Entertainment၊ အာဗြဲစိန် စားသောက်ကုန်လုပ်ငန်း၊ ပန်းပျိုးသည့်လက် ဇာတ်လမ်းတွဲ အဖွဲ့သားတွေက စုပေါင်းပြီးတော့ ချောင်းဖျားရွာ၊ သပြေပင်ရွာ၊ ဝါးဖြူတောင်ရွာတွေက ရေဘေးသင့်ပြည်သူတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ငါးပိကြော်၊ ရေသန့်၊ အဝတ်အထည်တွေနဲ့အတူ မီးဖိုချောင်သုံးပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အာဗြဲစိန်စားသောက်ကုန်လုပ်ငန်းက သိန်း ၄၀ မ,တည်လှူဒါန်းထားတာဖြစ်ပြီးတော့ ခုနစ်ရက်​သားသမီးအလှူ‌ငွေနဲ့ ကျပ် ၂၂၂‌ သိန်းကျော်ဖိုး စားသောက်ကုန်တွေ ပါဝင်လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *