၂၄.၉.၂၀၂၄
Written By Thandar
နာမည်ကြီးအဆိုတော်ကြီးတွေ ပါဝင်ဖျော်ဖြေကြမယ့် “တွဲလက်ဖေးကူ ရေဘေးအလှူ” Charity Concert ဖျော်ဖြေပွဲကိုတော့ စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီခွဲမှာ ရန်ကုန်မြို့၊ ရန်ကုန်ဘူတာကြီးအနီးရှိ The Heart of Rangoon-THOR မှာ ကျင်းပမှာဖြစ်ပါတယ်။
“ကိုကိုလွင် ၊ မချမ်းတို့ကလည်း ဦးဆောင်မှုတွေကြောင့် ဒီပွဲလေးလုပ်ဖြစ်တာပါ။ ကျွန်တော်တို့ ၂၅ ရက်နေ့ကျရင် Thor မှာ နာမည်ကြီးအဆိုတော်တွေ တော်တော်များတယ်။ ဒီပွဲမှာ ရောင်းချလို့ရတဲ့ လက်မှတ်အကုန်လုံးက ရေဘေးကို ကူညီချင်လို့ ဒီ တွဲလက်ဖေးကူ ရေဘေးအလှူဆိုပြီး ပွဲလုပ်သွားဖို့ရှိပါတယ်။ အဆိုတော်တွေ အားလုံးက မေတ္တာနဲ့ ပါဝင်သီဆိုပေးကြမှာပါ။ ကိုကိုလွင် ၊ မချမ်းတို့ကလည်း မ,တည်လှူမယ်။ THOR ကလည်း မ,တည်လှူမှာပါ။ ကိုယ်တို့ အနုပညာသမားဆိုတာ ပြည်သူတွေနဲ့ ပတ်သက်ပြီးမှ ရှင်သန်ရတဲ့သူတွေပါပဲ။ ဒီလိုပြည်သူတွေ ဒုက္ခရောက်ချိန်မှာ နိုင်သလောက် ပါဝင်ကြတာပါ။ အဲ့ဒီပွဲက လာကြည့်သူတွေကလည်း အလှူပါဝင်သလို ဖြစ်မှာပါပဲ။ ရသမျှငွေတွေ အကုန်လုံးကို ပြန်လည်ထူထောင်ရေးအတွက် အကုန် လှူပေးသွားမှာပါ။ လိုအပ်တဲ့နေရာတွေ ခွဲလှူမှာပါ။ တစ်ခါတည်းလည်း ဘယ်လောက်ရတယ်ဆိုတာ ကြေညာမှာပါ။ ဒီ လာကြည့်တဲ့ သူတိုင်းကလည်း ဖျော်ဖြေတာကိုကြည့်ရင်း ကုသိုလ်လည်း ရမှာဆိုတော့ လာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ် ” လို့ အဆိုတော် ကောင်းဆက်ကပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာတော့ ချစ်ကောင်း၊ ဂရေဟမ်၊ ဇော်ပိုင်၊ ဖိုးကာ၊ စည်သူလွင်၊ ကောင်းဆက်၊ ဝေလ၊ ကော်နီ၊ ထွန်းအိန္ဒြာဗိုလ်၊ ချောစုခင်၊ ဝိုင်းစုခိုင်သိန်း၊ ပန်းရောင်ခြယ်၊ ချမ်းမြေ့မောင်ချို၊ ဂျူးဂျူးစံ တို့က ပါဝင် သီဆိုဖျော်ဖြေကြမှာလည်း ဖြစ်ပါတယ်။
Lead အနေနဲ့ တိုးတိုးနိုင်ထွန်းနဲ့ ရန်နိုင် ၊ Drum ကို စိုးသီဟ(ပါကျဲ)နဲ့ ရဲလင်းမိုး ၊ K-B ကျော်စိုးနိုင်(Aces) နဲ့ လီယိုနာဒ်မောင်မောင်လွင်၊ Bass အပိုင်းကိုတော့ အောင်နိုင်၊ ချစ်ဦးမောင်နဲ့ စိမ်းမောင်တို့က တီးခတ်ဖျော်ဖြေပေးကြမှာလည်းဖြစ်ပါတယ်။