September 28, 2024

၂၄.၉.၂၀၂၄
Written By Thandar

ဝေးများဝေးရင်၊ မောင်ရေ သီချင်းတွေနဲ့ ပရိသတ်ချစ်ခင်မှုရရှိခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ဆန်းသစ်လရဲ့ သမီးလေး ရွှေရတနာမြတ်@Appleရဲ့ အသက် ၄ နှစ်ပြည့်မွေးနေ့အနေနဲ့ ရေဘေးသင့်ပြည်သူတွေကို ဆန်အိတ်ပေါင်းများစွာ လှူဒါန်းဝေငှသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဖေဖေ မေမေ အချစ်ရဆုံးသမီးလေး ၄ နှစ်ပြည့်မွေးနေ့အမှတ်တရလေးပါ။ သမီးလေးမွေးနေ့အတွက် ဆန်အလှူလေးလှူပေးဖြစ်တယ်။ ရေဘေးအလှူလေးလည်း လှူပေးဖြစ်တယ်။ ရာသက်ပန်ဆွမ်း အလှူလေးလည်း လှူပေးဖြစ်တယ်။ သမီးလေးဘဝတစ်လျှောက်လုံးမှာ အခက်အခဲဟူသမျှ ကျော်ဖြတ်နိုင်ပြီး မိသားစု ပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်တဲ့ သမီးကောင်းလေးရတနာလေးဖြစ်ပါစေ မေမေ့အချစ်ဆုံး Apple လေးပါ” လို့ အဆိုတော် ဆန်းသစ်လက ပြောပါတယ်။

သူမရဲ့ သမီးလေးရဲ့ မွေးနေ့မှာတော့ မိသားစုလိုက်ကုသိုလ်ရေးအနေနဲ့ ရေဘေးသင့်နေရာတွေကို ဆန်အိတ်လေးတွေ လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။ ကိုဝင်းမြတ်နဲ့ ဆန်းသစ်လတို့ မိသားစုက ရေဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၂၀ ကိုလည်း ရွှေစံပြည် ဆရာတော်ဘုရားဆီက တစ်ဆင့်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် မိုးကုတ်မြို့နယ်ရှိ ခက်ခဲနေတဲ့ အိမ်ထောင်စုတွေကိုလည်း လူတစ်ဦးကို ဆန်၊ ဆပ်ပြာမှုန့်စတာတွေကိုလည်း လှူဒါန်းကုသိုလ်တွေပြုခဲ့ပါတယ်။

အဆိုတော် ဆန်းသစ်လကတော့ မိခင် မေရွက်ဝါရဲ့ ဂီတအမွေကိုဆက်ခံတဲ့အနေနဲ့ ၂၀၁၇ ခုနှစ်က “မေမေ့ အောက်ဆီဂျင်” တစ်ကိုယ်တော် သီချင်းခွေထွက်ရှိထားပြီး ၂၀၁၉ က မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးနောက်မှာတော့ ပရိသတ်ရှေ့က အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့ပြီး ခင်ပွန်းဖြစ်သူ ကိုဝင်းမြတ်ရဲ့ ကျောက်မြတ်ရတနာစီးပွားရေး လုပ်ငန်းတွေမှာ လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

#ဆန်းသစ်လ #SanThitLa #ShweLa #MayYwatWar

Leave a Reply

Your email address will not be published. Required fields are marked *