September 27, 2024

၂၄.၉.၂၀၂၄
Written By Zun

မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁ နာရီ ၅၅ မိနစ်ခန့်အချိန်က အဆောက်အဦပြိုကျ၍ မိသားစု ၄ ဦးဒဏ်ရာရပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။

အဆိုပါဖြစ်စဥ်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက်အမှတ် (၁၂၅)၊ ၁၉ လမ်းနှင့် လမ်း၂၀ ကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အုတ်မိုးအုတ်ကာ ကွန်ကရစ်တမံခင်း ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းအဆောက်အဦအဟောင်း၏ ညာဘက်ခြမ်းတွင် အဖီဆွဲထားသော သွပ်မိုးအုတ်ကာ ကွန်ကရစ်တမံခင်း (၃) ခန်း အဆောက်အဦပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် အဆောက်အဦအတွင်းနေထိုင်သည့် မိသားစုထဲမှ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ ကလေးတစ်ဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ကနဦးသတင်းတွေအရ ပြင်းထန်ဒဏ်ရာရတာရှိတယ်။ အဲဒီမှာ အမျိုးသမီးတစ်ယောက်က အခြေအနေဆိုးပြီး အဲဒီအခင်းဖြစ်ရာနေရာမှာကတည်းက အသက်ပါမလာတာမျိုး။ဒ ါပေမဲ့ အားလုံးကို ဆေးရုံကိုပို့ကြတာပေါ့။ အဲဒီမှာ တစ်ယောက်က ပိတ်မိပြီးသေတာ” ဟု အခင်းဖြစ်စဉ်ကို သိရှိသည့် မန္တလေးဒေသခံက MT News ကိုပြောသည်။

သေဆုံးသူမှာ အသက် ၅၀ အရွယ် ဒေါ်စန်းကျင်ဖြစ်ပြီး ဒေါ်ဒယ်ကိုဖော(၃၀)နှစ်၊ ညာနားသွေးထွက် (စိုးရိမ်ရ)၊ မပိုင်ဖြိုးသက် (၆) နှစ်၊ (ဒေါ်ဒယ်ကိုဖော၏သမီး) ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ကိုအောင်စန်းဖြိုး (၂၂)နှစ်၊ ညာဘက်တင်ပါးဆုံရိုးကျိုး ညာဘက်ခြမ်း လှုပ်မရ (စိုးရိမ်ရ)၊ မောင်ခန့်ကျော်ဇင်သန့် (၈)နှစ်၊ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) (ပိတ်မိခဲ့)များ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦမှာ သက်တမ်းကြာအဆောက်အဦဟောင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမန္တ‌လေးစည်ပင်သာယာရေးအဖွဲ့က စိစစ်သွားရန်ရှိကြောင်း သိရှိရသည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆောက်အဦပြိုကျမှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း ဦးဆောင်၍ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြိမ်းသတ်ယာဉ် (၅)စီး၊ သန္ဓေ (၁၀)ဦး၊ အရန် (၃၀)ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူ နှင့်သေဆုံးသူများကို စေတနာ မေတ္တာ ကရုဏာအသင်းမှ လူနာတင်ယာဉ်(၁)စီး၊ ချမ်းသာသုခအသင်းမှ လူနာတင်ယာဉ် (၁)စီးတို့ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *