September 27, 2024

၂၄.၉.၂၀၂၄
Written by Hey Mar

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ် အားပိုမိုကောင်းလာပြီး စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း၊ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး အားအကောင်းဆုံးအချိန် စက်တင်ဘာ ၂၅ ရက် ညပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်လာပြီးတဲ့နောက် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ကာ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အနောက်ဘက်ကို ဆက်လက်ရွေ့လျားသွားမှာဖြစ်ကြောင်း ECMWF ENS model, GFS ENS(GEFS) model တွေရဲ့ ခန့်မှန်းချက်ကို မိုးလေဝသနဲ့ ရာသီဥတု‌ ပြောင်းလဲခြင်းဖြစ်စဉ်‌တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုပါတယ်။

“တောင်တရုတ်ပင်လယ်ဘက်မှာ အနောက်ဘက်(ဗီယက်နမ်ဘက်)ရွေ့လျားလာနိုင်တဲ့မုန်တိုင်းတွေ ထပ်မံမဖြစ်မချင်း မြန်မာနိုင်ငံဘက်က မိုးများနိုင်မဲ့ အခြေအနေတွေဟာ စက်တင်ဘာ ၂၅ ရက်နောက်ပိုင်းက စပြီး လျော့နည်းသွားနိုင်ပါတယ် ” လို့ သူက ခြုံငုံသုံးသပ်ဖော်ပြပါတယ်။

လေဖိအားနည်းဆဲလ်ရဲ့ အရှိန်ကြောင့်ရော မုတ်သုံလေ အားကောင်းနေခြင်းကြောင့်ပါ။ ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းနဲ့ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်ကာ မိုးကြီးခြင်း‌တွေနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇဗေလညွှန်ကြားမှုဦးစီးဌာနကလည်း ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူ‌တွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူ‌တွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ မိုးဇလက သတိပေးထားပြီး ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ တိုင်ဖွန်းမုန်တိုင်း ရာဂီအကြွင်းအကျန်‌တွေ ဝင်‌ရောက်လာကာ မိုးအလွန်များခဲ့တာကြောင့် ရေကြီးရေလျှံခြင်းတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး ခုချိန်အထိ အဲ့ဒီဒေသတွေအတွင်းမှာ ပြန်လည်ထူနိုင်ဖို့ ကြိုးစားနေကြရဆဲအခြေအနေလည်းဖြစ်ပါတယ်။ အရင်လိုပြန်လည်ဖြစ်လာနိုင်ဖို့က လနဲ့ချီပြီး ကြာမြင့်သွားနိုင်သလို စားဝတ်နေရေးအခက်အခဲတွေ ပုံမှန်ပြန်ဖြစ်လာဖို့က နှစ်နဲ့ချီပြီးကြာမြင့်သွားနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်တွေ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က သုံးသပ်‌ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *