September 27, 2024

၂၃. ၉. ၂၀၂၄
Written by Thettant

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည့် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံက ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ခင်းကျင်းပြသသွားမည် ဖြစ်သည်။

ယင်းကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးကဏ္ဍ၊ အာရေဗီကာကော်ဖီ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း ၈၄ ခန်းဖြင့် ပါဝင်ခင်းကျင်းပြသသွားမည် ဖြစ်သည်။

အဆိုပါပြပွဲအား ချစ်ကြည်ရင်းနှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုအကျိုးကျေးဇူး ရရှိရန် တရုတ်-အာဆီယံ လွတ်လပ်သည့် ကုန်သွယ်မှုဒေသ (၃) ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်နှင့် တရုတ်-အာဆီယံဒေသအတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းခရီးစဉ်သို့ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့ နှင့် ပြခန်း ပြသမည့် တာဝန်ခံလုပ်ငန်းရှင် ၁၀၄ ဦး သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားသို့ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Ding Xuexiang တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ထို့အတူ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဗီဒီယိုမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များနှင့်ဝန်ကြီးများအပြင် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်တို့ သည်လည်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။

Ref: ; Xinhua

Leave a Reply

Your email address will not be published. Required fields are marked *