September 27, 2024

၂၃. ၉. ၂၀၂၄
Written by Hey Mar

ရေဘေးဒဏ်ကြောင့် တောင်ပြိုပြီး အိမ်ခြေ ၈၀ ချောက်ထဲကျကာ လမ်းပန်းပိတ်ဆို့ပျက်စီးနေတဲ့ ကလောမြို့ ခွေးရုပ်ဘူတာရွာဒေသခံတွေအနေနဲ့ ရွာပြန်လည်ထူ ထောင်ရေးအတွက် လမ်းအမြန်ပွင့်ဖို့ အကူအညီပေးစေလိုကြောင်း ကျေးရွာတာဝန်ခံကို MT NEWS က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

ကလောက ခွေးရုပ်ဘူတာရွာက စက်တင်ဘာ ၁၁ ရက်နေ့ ညမှာ တောင်ကျရေစီးဆင်းမှုကြောင့် မြေပြိုတာတွေဖြစ်ပေါ်ခဲ့ပြီး ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရွာသူရွာသားတွေ အားနဲ့ ကြိုးစားတောင့်ခံဖို့ အကာအရံတွေ ပြုလုပ်ပေမယ့် ရေစီးပိုမိုကြမ်းလာကာ တောင်ပြိုပြီး အိမ်ခြေ ၈၀ ချောက်ထဲကျကာ ရွာလမ်းတွေ ပိတ်ဆို့ကုန်တာကြောင့် လူ ၄၀၀ ကျော် ရွာအပျက်အစီးကြားထဲ ပိတ်မိနေထိုင်‌နေရတာ ဒီနေ့အထိပဲလို့ သိရပါတယ်။

ခွေးရုပ်ဘူတာ ကျေးရွာတာဝန်ခံ ဦးသူရအောင်က ” တောင်ပြိုပြီးလမ်းပိတ်နေတော့ ကျွန်တော်တို့ရွာ ကားလမ်းပေါက်နေရက်နဲ့ ရှိရက်နဲ့ မြေစာပုံတွေမရှင်းနိုင်လို့ လမ်းပိတ်နေရတယ်။ ကလောဗျူးပွိုင့်အထိပဲ ကားက သွားလို့ရတယ်။ တစ်ဖက်ကိုက ဆိုင်ကယ်နဲ့ သွားရတယ်။ အလှူရှင်တွေရဲ့ အလှူပစ္စည်းတွေ သယ်ရာမှာလည်း အခက်အခဲရှိတယ်။ ဆိုင်ကယ်နဲ့ ဝင်လို့ရ‌သလောက်ဝင်ရတယ်။ မရရင် လူအားနဲ့ သယ်ရတယ်။ နောက်ရက်ပိုင်းလောက်ဆို သောက်သုံးရေ အခက်အခဲ ဖြစ်နိုင်တယ်။ ရွာမှာ ရေစစ်ကန်တွေက ရေတိုးတဲ့နောက်ပါသွားတယ်” လို့ သူ့ရွာ အခြေအနေကို ပြောပါတယ်။

ခွေးရုပ်ဘူတာက ရွှေညောင်မရောက်ခင် နာရီပိုင်းခန့် ခရီးတထောက်နားတဲ့ ဘူတာဖြစ်ပြီး ခွေးရုပ်ဘူတာ ဖက်ထမင်းကလည်း ဒေသခံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခုဖြစ်သလို ရထားစီး ခရီးသွားပြည်သူတွေကြား ဒေသန္တရ စားသောက်ဖွယ်ရာတစ်ခုပါ။ တောင်ပြိုမှုကြောင့် ရထားဘူတာအနီးပတ်ဝန်းကျင်နဲ့ ရထားသံလမ်းကိုလည်း ရွံ့နွံတွေ ဖုံးလွှမ်းနေပြီး ရထားခရီးစဉ်တွေလည်း ရပ်နားထားရတယ်လို့ သိရပါတယ်။

“အဓိကကတော့ လမ်းပြန်ပွင့်စေချင်ပါတယ်။ ရွှံ့တွေ မြေစာပုံတွေက ကျွန်တော်တို့ရွာသားတွေအားနဲ့ ရှင်းလို့မနိုင်တော့ဘဲ သက်ဆိုင်ရာက စက်ယန္တရားကြီးတွေနဲ့ ကူမှရမယ့် အနေအထားဖြစ်ပါတယ်”လို့ ‌ခွေးရုပ်ဘူတာ ကျေးရွာ တာဝန်ခံ ဦးသူရအောင်က ပြောပါတယ်။

ခွေးရုပ်ဘူတာရွာမှာ အိမ်ခြေ ၁၂၅ အိမ်နဲ့ လူဦး‌‌ ရေ ၄၀၀ ကျော် နေထိုင်ပြီး တောင်ပြိုမှုကြောင့် လူထိခိုက်သေဆုံးတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ရွာမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အရေးပေါ်လိုအပ်နေပြီး အလှူရှင်တွေ လှူဒါန်းလိုပါက ကျေးရွာတာဝန်ခံ ဦးသူရအောင်ရဲ့ ဖုန်းနံပါတ် ၀၉-၄၅၆၇၄၅၈၅၂ ၊ ၀၉-၂၆၁၃၉၃၉၉၆ ကို ဆက်သွယ်လှူဒါန်းနိုင်‌ပေမဲ့ အဆိုပါ ဖုန်းတွေကလည်း က‌လောကို ရောက်ရှိချိန်သာ ဆက်သွယ်လို့ ရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *