September 26, 2024

၂၃. ၉. ၂၀၂၄
Translated by Thettant

(One Championship က စိုးလင်းဦးနှင့် သန့်ဇင်ကို ဂုဏ်ပြုရေးသားထားသော “Why Thant Zin And Soe Lin Oo Could Be Myanmar’s Next Big Stars In ONE Championship” ဆောင်းပါးအား ဆီလျော်သလို ကိုးကားပြန်ဆိုထားပါသည်)

လာမယ့် စက်တင်ဘာ ၂၇ ရက်မှာ စူပါဘွန်းနဲ့ နာတာဝပ်တို့ ခေါင်ပွဲအဖြစ်ထိုးသတ်ကြမဲ့ ONE Friday Fights 81 ပွဲမှာ မြန်မာ့ထိပ်တန်းလက်ဝှေ့ကျော်နှစ်ဦးဖြစ်တဲ့ စိုးလင်းဦးနဲ့ သန့်ဇင်တို့ကလည်း သူတို့ရဲ့ အလဲထိုးအနိုင်ယူနိုင်တဲ့ စံချိန်တွေကို မပျက်မကွက်ထိန်းသိမ်းပြီး ကမ္ဘာ့ကိုယ်ခံပညာစင်မြင့်ထက်မှာ သူတို့ရဲ့နာမည် မှတ်ကျောက်တင် ဆက်လက်လှုပ်ခတ်သွားဖို့ ကြိုးပမ်းကြတော့မှာပါ။

စက်တင်ဘာ ၂၇ ရက် ည ၇ နာရီခွဲအချိန်က စတင်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Lumpinee အားကစားကွင်းမှာ ကျင်းပမယ့် ဒီပွဲကိုတော့ ဝါရင့်သံမဏိလူသား စိုးလင်းဦးက Nabil Anane နဲ့ မွေထိုင်းစည်းမျဉ်းအရ ထိုးသတ်မှာဖြစ်ပြီး ဆယ်ကျော်သက် တက်သစ်စဖိုက်တာ သန့်ဇင်က ဂျပန်ကစ်ဘောက်ဆင် ချန်ပီယံ Takeru “The Natural Born Crusher Segawa” နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

ONE Championship မှာ MMA ဝိတ်တန်းနှစ်ခုရဲ့ ကမ္ဘာ့ချန်ပီယံဟောင်း အောင်လအန်ဆန်က မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ ကမ္ဘာက အသိအမှတ်ပြုခံထားရတဲ့ ကမ္ဘာကျော်ဖိုက်တာအဖြစ် ကာလရှည်ကြာစွာ မှတ်ယူခံထားရပေမဲ့လည်း အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အောင်လရဲ့ ကစားသမားဘဝ ကုန်ဆုံးခါနီးမှာ စိုးလင်းဦးနဲ့ သန့်ဇင်တို့နှစ်ဦးထဲက တစ်ဦးဦးဟာ အောင်လနေရာမှာ အသိအမှတ်ပြုခံရသူအဖြစ် ကမ္ဘာသိအောင် ပါဝင်လာနိုင်မှာဖြစ်ပြီး သူတို့ တွေ့ဆုံရမဲ့ ပြိုင်ဘက်နှစ်ယောက်ဟာ စိုးလင်းဦးနဲ့ သန့်ဇင်ကို အဆင့်တစ်ဆင့်စီတက်နိုင်ဖို့ အခွင့်အရေးတစ်ခုအဖြစ်သာမက မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးနဲ့ အအောင်မြင် အထွန်းပေါက်ဆုံး ထိပ်တန်းဖိုက်တာတွေအဖြစ် အခိုင်အမာရပ်တည်နိုင်ခွင့်လည်း ရရှိလာစေမှာဖြစ်ပါတယ်။

◾️ ဂန္တဝင်လက်ဝှေ့သူရဲကောင်း စိုးလင်းဦး

အသက် ၃၂ နှစ်အရွယ် စိုးလင်းဦးဟာ ONE Championship ကို ရောက်မလာခင်ကတည်းက မြန်မာနိုင်ငံမှာ ရွှေခါးပတ်ချန်ပီယံအဖြစ် လူသိများ ကျော်ကြားနေသူပါ။ ၇၄ ပွဲထိုးသတ်ထားရာမှာ ၃ ပွဲပဲ ရှုံးဖူးတဲ့ မြန်မာ့လက်ဝှေ့သူရဲကောင်းဟာ သူ့ရဲ့ One Championship ခရီးကို ဒီနှစ် ဖေဖော်ဝါရီမှာ ကျင်းပခဲ့တဲ့ ONE Friday Fights 52 မှာ အစပြုခဲ့ပြီး ပြိုင်ဘက် ဂျပန်ဖိုက်တာ Masayoshi Tsuhashi ကို အလဲထိုးနဲ့ အနိုင်ယူခဲ့သူပါ။ ဒါ့အပြင် ဖေဘီယိုရီးစ်နဲ့ ပွန်စီရိတို့လို မာကျောလှတဲ့ ဖိုက်တာတွေကိုပါ အလဲထိုးပြခဲ့လို့ သုံးပွဲဆက် အလဲထိုးအနိုင်ယူအပြီးမှာ ဒေါ်လာ တစ်သိန်းတန် စာချုပ်ရလာခဲ့သလို ဘင်တန်ဝိတ်တန်းမှာ ချန်ပီယံဆုစိန်ခေါ်နိုင်သူအဖြစ်လည်း အမြန်ဆုံးရောက်ရှိလာခဲ့ပြီး “Man of Steel” ဆိုတဲ့ ဂုဏ်ပုဒ်ကို ဝင့်ထည်စေခဲ့ပါတယ်။ ဒါ့အပြင်လည်း စိုးလင်းဦးဟာ မွေထိုင်းပရိသတ်တွေရဲ့ အချစ်တော် Seksen နဲ့ ထိုးသတ်ပုံ၊ ခံနိုင်ရည်၊ ဇွဲလုံလ၊ သတ္တိ၊ ရုပ်ရည်တူညီနေတာတွေကလည်း ထိုင်းနိုင်ငံမှာ လူသိများ ကျော်ကြားစေဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် စိုးလင်းဦးရော Seksen ပါ နှစ်ဦးစလုံးဟာ ONE ပြင်ပမှာ အောင်မြင်မှုများစွာရရှိထားသူတွေ ဖြစ်ပေမဲ့လည်း လက်ရှိအချိန်မှာတော့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အပြင် မွေထိုင်းရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ One မှာလည်း သူတို့ရဲ့ ရဲရင့်ပြင်းထန်တဲ့ ထိုးသတ်ပုံတွေကြောင့် ပရိသတ်အသစ်များစွာ ရရှိလာကြသလို စိုးလင်းဦးရဲ့ လူကြိုက်များတဲ့ ထိုးသတ်မှုပုံစံကပဲ ဘင်တန်ဝိတ်တန်းမှာ နံပါတ် ၄ အဆင့်ရှိတဲ့ Nabil Anane နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ဖြစ်လာစေခဲ့ပြီး Nabil ကို အနိုင်ယူနိုင်ခဲ့မယ်၊ အောင်ပွဲသာရခဲ့မယ်ဆိုရင် စိုးလင်းဦးဟာ လက်ရှိ ချန်ပီယံဆုရှင် စူပါလက်ခ်ကို တရားဝင်စိန်ခေါ်ထိုးသတ်နိုင်သူအဖြစ် ချန်ပီယံဆုဆွတ်ခူးဖို့ ခြိမ်းခြောက်လာနိုင်မှာဖြစ်ပါတယ်။

◾️ ငယ်ရွယ်စဉ်မှာ ပရော်ဖက်ရှင်နယ်ဖိုက်တာဖြစ်လာခဲ့သလို ထူးခြားတဲ့ စွမ်းဆောင်ရည်တွေနဲ့ Young Prodigy သန့်ဇင်

အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမဲ့ ငယ်ရွယ်စဉ်ကတည်းက ပရော်ဖက်ရှင်နယ် ဖိုက်တာဖြစ်လာခဲ့သလို ထူးခြားတဲ့ စွမ်းဆောင်ရည်တွေနဲ့ အလဲထိုးအနုပညာရှင်သန့်ဇင်ဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဖိုက်တာနှစ်ဦးဖြစ်တဲ့ ဂျိုင်ဆင်းနဲ့ ထိုင် တို့ကို အလဲထိုးအနိုင်ယူအပြီးမှာတော့ ကမ္ဘာသိ ကစ်ဘောက်ဆင်ချန်ပီယံ ဂျပန် မီဂါစတား တခဲရုနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး သူ့အတွက်တော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀တစ်လျှောက်မှာ အကြီးကျယ်ဆုံးထိုးသတ်ပွဲဖြစ်လာတော့မှာပါ။

ကမ္ဘာပေါ်က အရက်စက်ဆုံးသောအလဲထိုးဖိုက်တာတွေထဲက တစ်ဦးဖြစ်လာတဲ့ ၁၉ နှစ်သား သန့်ဇင်ဟာ နိုင်ပွဲရရှိမှု ၉၂ ရာခိုင်နှုန်းရှိထားပြီး သူ့ရဲ့ အားပြင်းတဲ့လက်သီးပါဝါ၊ ပြိုင်ဘက်ကို နောက်ကောက်ချနိုင်တဲ့ ပြင်းထန်တဲ့ ဘယ်ခြေကန်ချက်တွေက ဂျပန်မှာ အအောင်မြင်ဆုံး ကစ်ဘောက်ဆင်ဖိုက်တာနဲ့ ကစ်ဘောက်ဆင်စည်းမျဉ်းအတိုင်း ထိုးသတ်ဖို့ဖြစ်လာစေခဲ့သလို ဒီအားပြင်းတဲ့ အလဲထိုးနိုင်တဲ့ လက်သီးတွေ ခြေကန်ချက်တွေနဲ့ လက်ဝှေ့အားကစားမှာ အတွေ့အကြုံကြွယ်၀မှုတွေက တခဲရုကို အနိုင်ယူနိုင်ဖို့ လုံလောက်နေပါတယ်။ ဒါ့အပြင် တခဲရုကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ဒီနိုင်ပွဲကပဲ သန့်ဇင်ရဲ့ ဖလိုင်းဝိတ်တန်းကစ်ဘောက်ဆင်အဆင့် ရပ်တည်ချက်ကို မြင့်တက်စေမှာဖြစ်ပါတယ်။

◾️ စိုးလင်းဦးနဲ့ သန့်ဇင်အတွက် ခက်ခဲတဲ့ ခရီးလမ်း

တကယ်တမ်းမှာလည်း စိုးလင်းဦးရော သန့်ဇင်ရောပါ စက်တင်ဘာ ၂၇ ရက်ဟာ ပွဲကျပ်နေတာပါ။ စိုးလင်းဦးနဲ့ ထိုးသတ်ရမဲ့ Nabil ဟာ စိုးလင်းဦးထက် အရပ် ၆ လက်မ ပိုမြင့်သလို လက်ရှိချန်ပီယံ စူပါလက်ခ်ကို ရှုံးထားပေမဲ့ ဘင်တန်ဝိတ်တန်းမှာ အဆင့် ၅ က လိုဘိုအပါအဝင် ၄ ပွဲဆက် အနိုင်ယူထားသူပါ။ သန့်ဇင်တွေ့ရမဲ့ တခဲရုကလည်း စူပါလက်ခ်လို လက်ရှိ ချန်ပီယံကတောင် အလဲမထိုးနိုင်ခဲ့တဲ့အပြင် သူဟာ ကစ်ဘောက်ဆင်မှာ ကမ္ဘာ့အဆင့်ချန်ပီယံဆု ဆယ်ဆုအထက် ရထားပြီး ဖလိုင်းဝိတ်ကစ်ဘောက်ဆင်တန်းမှာလည်း စူပါလက်ခ်၊ ရော့ထန်တို့အောက် အဆင့် (၃) နေရာမှာ ရှိနေတဲ့သူပါ။ သန့်ဇင်အဖို့ ပိုဆိုးတဲ့အချက်က အခုထိုးသတ်မဲ့ပွဲဟာ သန့်ဇင်အားသာတဲ့ မြန်မာ့လက်ဝှေ့မဟုတ်သလို အတွေ့အကြုံရှိပြီးသား မွေထိုင်းလက်ဝှေ့ပွဲလည်း မဟုတ်ဘဲ တခဲရုအားသာတဲ့ ကစ်ဘောက်ဆင်ထိုးသတ်နည်းနဲ့ ထိုးသတ်ရမှာပါ။

ဒါ့အပြင် တခဲရုဟာ အမေရိကန်လိုနိုင်ငံကြီးမှာ သန့်ဇင်ရဲ့ ထိုးသတ်ပုံကို ကမ္ဘာသိနည်းပြတွေနဲ့ စနစ်တကျလေ့လာပြင်ဆင်ပြီး အနိုင်ယူနိုင်ဖို့အတွက်လည်း ခေတ်မီနည်းပညာတွေနဲ့ စနစ်တကျ လေ့ကျင့်ပြင်ဆင်နေချိန်မှာ သန့်ဇင်ကတော့ အကိုလည်းဖြစ်၊ မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း တစ်ဦးလည်းဖြစ်ပေမဲ့ အမြင်အာရုံသန်စွမ်းမှုအားနည်းနေတဲ့ ထွန်းလွင်မိုးရဲ့ ကြီးကြပ်မှုအောက်မှာ မပြည့်မစုံနဲ့ ရုန်းကန်လေ့ကျင့်နေရတာပါ။ စက်တင်ဘာ ၂၇ ရက်မှာ စိုးလင်းဦးဟာ Nabil ကို အလဲထိုး၊ အနိုင်ယူဖို့ အဖြေရှာရမှာဖြစ်သလို သန့်ဇင်ကလည်း အစစအရာရာ အားသာတဲ့ တခဲရုကို အနိုင်ယူနိုင်ဖို့ ကြိုးပမ်းရမှာပါ။ ဘာမဆိုဖြစ်သွားနိုင်တဲ့ ဒီနှစ်ပွဲမှာ စိုးလင်းဦးနဲ့ သန့်ဇင်တို့ဟာ One Championship ခန့်မှန်းသလို ပြိုင်ဘက်တွေကို အနိုင်ယူလိုက်တာမျိုးအပြင် ရှုံးနိမ့်သွားတာမျိုးလည်းဖြစ်နိုင်ပေမဲ့ သေချာတာကတော့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုစိတ်ခွန်အားနဲ့ ဇအရ သွေးသစ်ဝင်းလှိုင်လို ရုပ်ပျက်ဆင်းပျက်ရှုံးတာမျိုးတော့ ရှိနိုင်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် အခုနောက်ပိုင်းမှာ ချတ္ထရီဟာ အသည်းမာမာ ဇွဲသာသာနဲ့ မမျှမှန်းသိတဲ့ပြိုင်ဘက်ကိုတောင် အကောင်းဆုံးထိုးနိုင်ရင်၊ တိုက်ခိုက်ပွဲဟာ ရင်တမမနဲ့ ဆွဲဆောင်မှုကောင်းရင် နိုင်သူရော ရှုံးသူကိုပါ ဘတ် ၃၅၀၀၀၀ ဆုချတာဖြစ်လို့ စိုးလင်းဦးနဲ့ သန့်ဇင်တို့ မတော်တဆရှုံးသွားဦးတော့ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာက အထင်ကြီးလေးစားလာအောင် အရင်ပွဲတွေထက်သာတဲ့ စိတ်ခွန်အားနဲ့ ထိုးသတ်ပြရင်၊ ရှုံးနိမ့်ဦးတော့ ဆုကြေးဘတ် ၃၅၀၀၀၀ ရလာရင်ကို မြန်မာပရိသတ်တွေအဖို့က သားရွှေအိုးထမ်းလာသလို အလားသဏ္ဍာန်မှတ်ယူကြမယ်ယူဆလို့ သွေးသစ်ဝင်းလှိုင်လို ဖွဲအိတ်ဖြစ်မလာစေဖို့ အားပေးရင်း…..သန့်ဇင်ရော စိုးလင်းဦးပါ ပြိုင်ဘက်တွေကို အနိုင်ယူပြီး ကမ္ဘာ့အဆင့်ဖိုက်တာတွေအဖြစ် တက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါရစေ…။

Leave a Reply

Your email address will not be published. Required fields are marked *