September 27, 2024

◾ ရွေးကောက်ပွဲ လေ့လာချက်စစ်တမ်းအရ ဟားရစ်က အနိုင်ရရန် မဲရာခိုင်နှုန်း အနည်းငယ်သာနေ

၂၃.၉.၂၀၂၄
Translated by Htwe Ko Tun

လာမယ့် နိုဝင်ဘာလ ၅ ရက်မှာကျင်းပမယ့် အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ တကယ်လို့များ သူ့အနေနဲ့ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂၀၂၈ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ဘူးလို့ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်သူ သမ္မတဟောင်းဒေါ်နယ်ထရန့်က စက်တင်ဘာလ ၂၂ ရက်ကပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။

ဒေါ်နယ်ထရန့်က “လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော်တို့အနေနဲ့ ရှုံးနိမ့်စရာမရှိပါဘူး။နိုင်ဖို့သေချာပါတယ်။တကယ်လို့များရှုံးခဲ့ရင် ၂၀၂၈ သမ္မတရွေးကောက်ပွဲကြ ကျွန်တော်က ထပ်ပြိုင်နေတော့မှာ မဟုတ်ဘူး” လို့ တွေ့ဆုံမေးမြန်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ လာမယ့် သမ္မတရွေးကောက်ပွဲအပါအဝင်ဆိုရင် ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့တာ သုံးကြိမ်ရှိပြီဖြစ်ပါတယ်။ Sinclair Media Group က ပြုလုပ်တဲ့ တွေ့ဆုံးမေးမြန်းပွဲမှာ သူ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲ ဖြစ်တဲ့ ၂၀၂၈ ရွေးကောက်ပွဲမှာ ပြန်ဆုံကြဖို့ မျှော်လင့်မိသလားလို့ မေးခဲ့ရာမှာ သမ္မတလောင်း ထရန့်ကလည်း ခုလိုပဲပြောခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းခုံအခြေခံဥပဒေအရ သမ္မတတစ်ဦးအနေနဲ့ သမ္မတသက်တမ်း နှစ်ကြိမ်ထက် ပိုပြီး ထမ်းဆောင်ခွင့်မရှိတဲ့အတွက် လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ထရန့်အနေနဲ့ အနိုင်ရခဲ့ရင်လည်း ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်လို့မရတော့ပါဘူး။

အရင်တုန်းကဆိုရင် ထရန့်အနေနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိုင်ခြေရှိတယ်လို့ ခုလို ပြောကြားတာမျိုးကို တွေ့ရခဲလှပါတယ်။ သူ့ကိုထောက်ခံသူတွေကို ပြောတဲ့မိန့်ခွန်းတွေ၊လူမှုကွန်ရက် ရေးသားချက်တွေမှာ  ရွေးကောက်ပွဲအတွက် အောင်မြင်မှုရမယ်လို့သာ ထရန့်ကပြောခဲ့တာပါ။ ဒါပေမယ့် အခုလိုပြောကြားမှုက လေးရက်တာကာလအတွင်းမှာ ထရန့်က သူ့အနေနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိုင်ခြေရှိတယ်ဆိုတာကို ဒုတိယမြောက်ပြောကြားလာခြင်းပါပဲ။

စက်တင်ဘာလ ၁၉ ရက်ကပြုလုပ်ခဲ့တဲ့ အစ္စရေး-အမေရိကန်ကောင်စီဆွေးနွေးပွဲမှာလည်း တကယ်လို့များ လာမယ့်ရွေးကောက်ပွဲမှာ သူ့အနေနဲ့ရှုံးနိမ့်ခဲ့ရင် ဂျူးဆန္ဒမဲပေးသူတွေအဖို့ အမှားဖြစ်လာနိုင်တယ်လို့ ပထမအကြိမ်ဆိုခဲ့တာပါ။

ရွေးကောက်ပွဲလုပ်ဖို့ ရက်သတ္တပတ် ခုနှစ်ပတ်နီးပါးသာလိုတော့တဲ့အချိန်မှာ ဘီဘီစီက ထရန့် နဲ့ ဟားရစ်တို့အပေါ် မဲထောက်ခံမှုကို စစ်တမ်းလုပ်ကြည့်တဲ့အခါ ဟားရစ်က ၅၂ ရာခိုင်နှုန်းနဲ့ ထရန့်က ရာခိုင်နှုန်းရရှိကာ ဟားရစ်က အနည်းငယ်သာနေပါတယ်။

ဒါပေမယ့် အခြားသော လေ့လာချက်စစ်တမ်းအချို့မှာတော့ ထရန့်အနေနဲ့ စီးပွားရေး၊ လူနေမှုကုန်ကျစရိတ်နဲ့ လူဝင်မှုကြီးကြပ်ရေးတို့အပါအဝင် ရွေးကောက်ပွဲအတွက် အကြီးမားဆုံးအဓိကကျတဲ့ကိစ္စတွေ မှာ မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုပိုရကာ အသာရနေတယ်လို့ဆိုကြပြန်ပါတယ်။

Ref- BBC

Leave a Reply

Your email address will not be published. Required fields are marked *