September 27, 2024

၂၃.၉.၂၀၂၄
Written by Hey Mar

ဖျာပုံခရိုင်၊ အမာမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာက သရက်တောဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ကိုရင်တစ်ပါးကို လက်ထောက်ကျောင်းတာဝန်ခံ ဦးဥက္ကဋ္ဌ အပါအဝင် လေးဦးက ရိုက်နှက်စစ်ဆေးအပြစ်ပေးတာကြောင့် အရိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ပျံလွန်တယ်လို့ လူမှူကွန်ရက်စာမျက်နှာတချို့မှာ ပုံနဲ့တကွ ပျံ့နှံ့လာတဲ့အပေါ် MT News က ဖြစ်ရပ်ကို စုံစမ်းမေးမြန်းရာမှာ ဖျာပုံမြို့နယ်မှ မြို့နယ်မှူးက အမှုဖွင့်လှစ်စစ်ဆေးနေကြောင်း ဖြစ်စဉ်ကို အတည်ပြုဖြေကြားပါတယ်။

အရိုက်အနှက်ခံရတဲ့ ကိုရင်ငယ်နဲ့ ပတ်သက်တဲ့ အခြားအချက်အလက်တွေကို မေးမြန်းရာမှာတော့ တာဝန်ရှိသူတွေဘက်က စုံစမ်းစစ်ဆေးဆဲဆိုတာကိုသာ ပြောကြားပြီး လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ အချက်အလက်တွေမှာ ကိုရင်ငယ်ကို ဖုန်းခိုးပါတယ်လို့စွပ်စွဲကာ လက်ထောက်ကျောင်းတာဝန်ခံ ဦးဥက္ကဋ္ဌ အပါအဝင် ဦးဝေပုန်၊ ဦးကျောက်ခဲနဲ့ ကိုဂျိုးပေါက်ဆိုသူရဲ့ သားဖြစ်သူတို့က ကိုရင်ငယ် ဝန်မခံမချင်း မနက် ကိုးနာရီကနေ နေ့လည် တစ်နာရီကျော်တဲ့အထိ နာရီအတော်ကြာအောင် တစ်ယောက်တစ်လှည့် ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ အဲ့ဒီလိုရိုက်ခံရတဲ့ ညဘက်မှာပဲ ဂေါပကတွေကကြားသိပြီး ဆေးဝါးကုသပေးဖို့ ကျောင်းတံခါးဖွင့်ခိုင်းပေမယ့် ကျူးလွန်သူတွေက ဖွင့်မပေးဘဲ “မင်းတို့နဲ့ မဆိုင်ဘူး”လို့ လက်သီးလက်မောင်းတန်းပြောတာကြောင့် ဂေါပကတွေ ပြန်လာခဲ့ရကြောင်း၊ ကျူးလွန်သူတွေက ကိုရင်ငယ်ကို ရိုက်နှက်ပြီး လေးရက်တိုင်အောင် ဆေးကုသမှု မပေးဘဲ အခန်းထဲထည့်ထားခဲ့ကြောင်း ရေးသားထားပါတယ်။

ဖြစ်စဉ်ကို ရေးသားထားချက်အရ ဝိုင်းဝန်းရိုက်နှက်ခံရမှု ၄ ရက်မြောက်ဖြစ်တဲ့ တော်သလင်းလပြည့်ကျော် ၁ ရက်နေ့ (စက်တင်ဘာ ၁၈ ရက်) မှာ ကွယ်လွန်တယ်ဆိုတာကြောင့် အဲဒီ စက်တင်ဘာ ၁၈ ရက်မှာပဲ ပျံလွန်ခဲ့ရရှာတဲ့ကိုရင်ငယ်ရဲ့ ရုပ်အလောင်းကို ဆေးရုံမပို့ဘဲ မီးသင်္ဂြိုဟ်လိုက်ပြီဆိုတာကြောင့် ဖြစ်စဉ်မှန်မပျောက်ပျက်စေရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးစေနိုင်ရေးအတွက် တာဝန်သိပြည်သူတွေက ဖော်ထုတ်လာတာလို့လည်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ MT News က စုံစမ်းမေးမြန်းရာမှာ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *