September 27, 2024

၂၃.၉.၂၀၂၄
Written By Zun

7 EAO Alliance က NCA အနှစ်သာရမပျက်သည့် လမ်းသစ်တစ်ခုအတွက် ဆွေးနွေးမှုဖော်ဆောင်မည်ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၏ အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က MT News ကို ပြောသည်။

7 EAO Alliance အဖွဲ့ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမို ကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

“လမ်းသစ်တစ်ခုကို 7 EAO Alliance အနေနဲ့ NCA လမ်းကြောင်းအတိုင်း၊ NCA ရဲ့လမ်းကြောင်းကြီးက ပိတ်သွားပြီဖြစ်လို့ NCA ရဲ့အနှစ်သာရတွေလည်း မပျက်အောင်၊ အခုလမ်းကြောင်းအသစ်မှာတော့ အလွတ်သဘောကနေစပြီးတော့ စကားပြောကြမယ်။ ဆွေးနွေးပွဲတစ်ခုလုပ်မယ်ဆိုရင်လည်းပဲ သူကခေါ်လို့ သူစီစဉ်တဲ့အတိုင်း သွားရတာမျိုးမဟုတ်ဘဲနဲ့ Joint ပေါ့နော်။ Joint Ownership အဲ့ဒီလိုမျိုးဖြစ်စေချင်တယ်။ ကိုယ့်ဘက်က ဘာဆွေးနွေးချင်လဲ၊ သူ့ဘက်က ဘာဆွေးနွေးချင်လဲ၊ အလွတ်သဘောညှိမယ်။ နှစ်ဖက်စလုံးလက်ခံကျေနပ်တဲ့အချိန်၊ နှစ်ဖက်စလုံးလက်ခံကျေနပ်တဲ့နေရာ၊ နှစ်ဖက်စလုံးလက်ခံကျေနပ်တဲ့အစီအစဉ်ပေါ်မှာ အဲ့ဒီလိုမျိုး Joint ownership သဘောမျိုးနဲ့ သွားလို့ရှိရင်တော့ ပိုပြီးတော့ ဒါနှစ်ဖက်စလုံးအတွက်အဆင်ပြေတယ်လေ”ဟု ယင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် 7 EAO Alliance အဖွဲ့၏ ဦးဆောင်အဖွဲ့အစည်းအဝေးအတွင်း အထက်ပါအတိုင်း လုပ်ဆောင်ရန်ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။

“ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းပဲ စစ်ရေးဘက်မှာ အားသန်နေတဲ့အဖွဲ့တွေအများကြီးရှိခဲ့တယ်လေ။ မူလရည်မှန်းချက်တွေတူကြတယ်။ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းချင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်စေချင်တယ်။ တကယ့် ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်စေချင်တယ်။ အဲဒီလိုလုပ်မယ်ဆိုလည်း ကျွန်တော်တို့(၇)ဖွဲ့နဲ့လည်း အလုပ်မဖြစ်နိုင်ဘူးလေ။ (၁၀) ဖွဲ့နဲ့လည်းအလုပ်မဖြစ်နိုင်ဘူးလေ။ ပါသင့်ပါထိုက်တဲ့သူတွေ အကုန်လုံးပါရမှာကိုး။ ဆိုတော့ကာ ဒီအချိန်မှာ နိုင်ငံရေးအခြေအနေတွေအရ လုပ်နည်းကိုင်နည်းတွေက မတူကြဘူး။ ရည်မှန်းချက်တွေတူရဲ့သားနဲ့ လုပ်နည်းလုပ်ဟန်တွေကလည်း အမျိုးမျိုးကွဲပြားနေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ကလည်း အကုန်လုံးဖြန့်ကျက်ပြီးတော့စဉ်းစားပေးတဲ့အနေနဲ့ ဖက်ဒရယ် ၂၄ ချက်ကို ဆွေးနွေးမယ်။ ပြီးတော့ အခြားတိုင်းရင်းသားတွေအတွက် တူညီအောင် ပြည်နယ်တွေမှာ ဒီလိုမျိုး ပြည်နယ်တွင်းအုပ်ချုပ်ရေးတွေဘာတွေ တိတိကျကျအကောင်အထည်ဖော်ဖို့ကိုလုပ်ရင် မကောင်းဘူးလား။ အဲ့ဒါကိုဆွေးနွေးမယ်။ ဒါလည်းနည်းလမ်းတစ်ခု ရှာကြံပြီးလုပ်မယ်။ နောက်တစ်ခါ အနာဂတ်ဖက်ဒရယ်တပ်မတော်ပေါ့နော်။ ပြည်ထောင်စုတပ်မတော်လို့ခေါ်ကြတာပေါ့နော်။ NCA ထဲမှာလည်းပါတယ်။ အနာဂတ်မှာဖော်ဆောင်မယ့်ဖက်ဒရယ်တပ်မတော်အတွက်က ငါတို့ဘယ်လိုစပြီးတော့ ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်မလဲဆိုတာကိုလည်း အဲ့ဒီ ၃ ချက်ကနေစပြီးတော့စကားပြောကြဖို့ နှစ်ဖက်စလုံးအတွက်အဆင်ပြေအောင်ပေါ့လေ။ ဒီအချိန်မှာတော့ အမျိုးမျိုးကရှိနေကြတာကိုး။ အားလုံးအတွက် အဆင်ပြေနိုင်မယ့်အချက်အလက်တွေဖြစ်အောင် တတ်သလောက်တော့ ဖြစ်နိုင်တာမဖြစ်နိုင်တာကတော့ကြိုးပမ်းရမှာပါ။ အဲ့အတွက်တော့လေ”ဟု ၎င်းက ပြောပြသည်။

လက်ရှိတွင် NCA လမ်းကြောင်းပိတ်သွားသည့်အတွက် NCA ၏ အနှစ်သာရကိုအခြေခံပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် သက်ဆိုင်သူများအားလုံးပါဝင်ရေး၊ အရပ်သားများအားအကာအကွယ်ပေးရေးတို့ကို ဖြည့်စွက်လုပ်ဆောင်ရန်ကြိုးပမ်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှ ယနေ့တိုင် ခရီးမပေါက်သောကြောင့် လမ်းသစ်ရှာရန် အစည်းအဝေးက ဆုံးဖြတ်ချက်တစ်ခုအနေဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ EAO တွေ သဘောတူထားပြီးသား ဖက်ဒရယ်ကိုကိုင်ပြီးတော့ အဲဒီဟာကိုလည်း ပြန်ပြီးတော့အတည်ပြုဖြစ်တယ်။ အဲ့ဒီအခါကြရင် ဆွေးနွေးတဲ့အခါကြရင် ဆွေးနွေးတာပဲ။ လက်တွေ့ အကောင်အထည်ဖော်တဲ့အပိုင်းမှာ သိပ်ပြီး တော့ မရှိတဲ့အခါကြရင်လည်း ဒီခရီးတွေက သိပ်မတွင်ဘူးလေ။ ဒီအချိန်မှာကတော့ နိုင်ငံရေးဆွေးနွေးမှုဘောင်က အရမ်းကိုကျဉ်းတဲ့အချိန်ဆိုတော့ ကြီးကြီးမားမားမမျှော်လင့်ပါဘူး။ 7 EAO Alliance (၇)ဖွဲ့က ဟိုးအရင်တုန်းက ၁၂ ဖွဲ့သဘောတူထားပြီးသားအခြေခံမူတွေကစပြီးတော့ပေါ့ ဆွေးနွေးဖို့၊ ဆွေးနွေးရမယ့်အကြောင်းအရာ၊ ခေါင်းစဉ်တွေကိုလိုက်ရှာဖွေတဲ့အခါမှာ EAO တွေ အကုန်လုံးမဟုတ်သည့်တိုင်အောင် EAO အများလက်ခံနိုင်တဲ့ လက်ခံပြီးသား ၁၂ ဖွဲ့ ဖက်ဒရယ်အခြေခံမူဆိုတာရှိတယ်လေ။ အဲ့ဒီကနေစပြီးတော့ ကျွန်တော်တို့လုပ်ကြရမှာပေါ့။ အလွတ်ကနေစမယ်၊ အလွတ်ကနေစညှိတာ ဘယ်နေရာနှစ်ဖက်စလုံးအဆင်ပြေရမယ်။ ဘယ်အချိန်နှစ်ဖက်စလုံးအဆင်ပြေရမယ်၊ ဘယ်အကြောင်းအရာနှစ်ဖက်စလုံး အဆင်ပြေရမယ်၊ အဲ့လိုတစ်ဖက်ကခေါ်ပြီး တစ်ဖက်ကလိုက်ပါသွားရတဲ့အခြေအနေထက်စာလို့ရှိရင်ပေါ့လေ၊ တစ်ဖက်က သဘော တူလက်ခံတဲ့ အခြေအနေ၊ အချိန်အခါအပေါ်မှာ လုပ်လို့ရှိရင် ပိုပြီးတော့လက်တွေ့ကျမယ်လို့ ဆွေးနွေးထားတယ် ”ဟု ၎င်းက ပြောသည်။

သို့သော်လည်း လတ်တလောတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့်ပတ်သက်၍ မည်သည့် အဆင့်၊ နယ်ပယ်၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် စသည်ဖြင့် တိတိကျကျ မဆောင်ရွက်ရသေးကြောင်းလည်း သိရသည်။

“ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်လို့တော့ မပြောသေးဘူးပေါ့လေ။ ဘာဖြစ်လဲဆိုတော့ ဒီအချိန်မှာက ဆွေးနွေးပွဲတွေက သိပ်ပြီးတော့ ကျဉ်းမြောင်းနေတဲ့ကာလဖြစ်တယ်။ ဘယ်အင်အားစုတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့် EAO ကြား ထဲမှာပဲဖြစ်ဖြစ် အခြားသောနိုင်ငံရေးအင်အားစုတွေနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာအနေနဲ့ပဲဖြစ်ဖြစ် SAC နဲ့ပဲဖြစ်ဖြစ် အကုန်လုံးပေါ့လေ၊။ အဓိက ကတော့ ကျွန်တော်တို့အလွတ်သဘောဆွေးနွေးမယ်။ အလွတ်သဘောဆွေးနွေးတဲ့အခါကြရင် တစ်ဖက်ကလုပ်ချင်လို့ လုပ်ရပါတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့အခင်းအကျင်း၊ နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့အချိန်၊နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့နေရာကနေ ကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးစောကျော်ညွန့် က MT News ကို ပြောပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *