September 27, 2024

၂၃.၉. ၂၀၂၄
Written by Nay Moe

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး ပြည်နယ်များသို့ APTERR(Asean Plus Three Emergency Rice Reserve) အစီအစဉ်ဖြင့် အရန်ဆန် တန် ၁၀၀၀ ကျော် ထောက်ပံ့ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းအချိန် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အာဆီယံ + ၃ အရန်ဆန် သိုလှောင်ရုံအတွင်း အရန်ဆန်များ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် သိုလှောင်ရုံများ ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးစဥ် ပြောကြားသည်။

ဆိုင်ကလုန်မုန်တိုင်းရာဂီရိုက်ခတ်မှုကြောင့် စက်တင်ဘာ ၉ ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်း မိုးသည်းထန်ရွာရွာသွန်းခြင်း၊ တောင်ကျရေရုတ်တရက်စီးဆင်းခြင်း၊ ​မြေပြိုခြင်းများကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ မြန်မာ့မြို့နယ်ပေါင်း ၃၃၀ ၏ ၆ ပုံ ၁ ပုံ (၁၆ရာခိုင်နှုန်း) ခန့် ရေကြီးခဲ့ပြီး စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်း စာရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြုပ်ခဲ့သည့် အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး၊ စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြုပ်ပျက်စီးခဲ့သည်။ ထို့ပြင် လူဦးရေ ၁၄၈၆၄၃ ဦး ရေဘေးဒုက္ခရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့သည့်အပြင် ဘာသာရေးနှင့်ပတ်သက်သည့် အဆောက်အအုံ ၄၃၅ ကျောင်း၊ လမ်းတံတား ၅၃၃ ခု၊ လျှပ်စစ်မီးတိုင် ၂၄၈၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန်သေဆုံးမှု ၁၄၄၉၉၈ ကောင်၊ စပါးစိုက်ဧက ၇၃၅၄၆၁ ဧက ပျက်စီးခဲ့သည်။

လက်ရှိတွင် APTERR အစီအစဉ်ဖြင့် ထောက်ပံ့မည့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ယခုကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီး ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးရေး ဆောင်ရွက်လျက်ရှိရာ ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံး တင်ပို့ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဒေါက်တာတင်ထွဋ်က မှာကြားထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *