September 27, 2024

၂၂.၉.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်တွင် စက်တင်ဘာ ၂၁ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်က ငှက်ကြီးခေါင်းချ ကျောင်း တိုက်ရှိ နှစ် ၁၀၀ ကျော်သက်တမ်းရှိသော ကျောင်း ဆောင်တစ်ဆောင်မီးလောင်ဆုံးရှုံးမှုမှာကျောင်းထိုင် ဆရာတော်က ကျမ်းဂန်စာအုပ်နှင့် ဘုရားဝတ်ပြုရန်ပစ္စည်းများထားရာ ဗီရိုပေါ်တွင် ဖယောင်းတိုင်မီးပူဇော်ခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“ကျောင်းထိုင်ဆရာတော်က ကျမ်းဂန်စာအုပ်​တွေနဲ့ ဘုရားဝတ်ပြုတဲ့ပစ္စည်း​တွေထားတဲ့ ဗီရိုပေါ်မှာ ဖယောင်းတိုင်မီးပူဇော်ပြီး ဘုရားဝတ်ပြုတယ်၊ အဲ့ဒီနောက် ကုဋီကို ခဏသွားတုန်း ဖယောင်းတိုင်မီးကနေ ဗီရိုပေါ်မှာရှိတဲ့ ကျမ်းဂန်စာအုပ်​တွေကို မီးလောင်ရာကနေ ကျောင်း ဆောင်တစ်ခုလုံး မီးလောင်သွားတာ။ ကျွန်တော်တို့ရောက်တော့ မီးက အတော်ကိုလောင်နေပြီ။ ရေနံချေးဝနေတဲ့ ကျောင်းဆောင်ဆိုတော့ မီးလောင်လွယ်သလို၊ မီးကူးစက်တာလည်းမြန်တယ်။ လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး”ဟု ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မီးလောင်မှုမှာ မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး နှစ် ၁၀၀ ကျော် သက်တမ်းရှိသော ရေနံဝနေသည့် အလျား ပေ ၈၀၊ အနံပေ ၆၀ ရှိသော သွပ်မိုးပျဥ်ကာ၊ ပျဥ်ခင်း ကျောင်းဆောင်တစ်ဆောင်၊ မီတာဘောက်စ်တစ်လုံး၊အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။

နှစ် ၁၀၀ ကျော်သက်တမ်းရှိသော ကျောင်းဆောင်တစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့သဖြင့် သက်တော် ၂၅ နှစ်အရွယ် ကျောင်းထိုင်ဆရာတော်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ညောင်ဦးမြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *