September 27, 2024

၂၂.၉.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက် ၂၅ နှစ်အရွယ် လူငယ်စစ်ဘေးရှောင် အမျိုးသားတစ်ဦး ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ကုလားတန်မြစ်အတွင်း ခုန်ဆင်း၍ အဆုံးစီရင်သွားကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းက သိရသည်။

“ပုဏ္ဏားကျွန်းမြို့ရွာဟောင်းရပ်ကွက်က စစ်ဘေးရှောင်လာတဲ့ ဒေါ်ကြာညိုစိန်ရဲ့သား အသက် ၂၅ နှစ်ပါ။ သူ့နာ မည်က ကိုမောင်ကြီးပါ။ ကုလားတန်မြစ်ထဲမှာ အဆုံး စီရင်သွားတာပါ”ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းတွင် ပါဝင်သူတစ်ဦးက MT News ကို ပြောသည်။

အဆုံးစီရင်သူကို လင်းရောင်ခြည်ဖောင်ဒေးရှင်းနှင့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရှာဖွေခဲ့ကြခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ဝတ်ဆင်ထားသည့် ပုဆိုးကို တွေ့ရှိကြောင်း၊ ရုပ်အလောင်းကို ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

AA ၏ မြို့သိမ်းတိုက်ပွဲများနှင့် အဓမ္မစစ်သားစုဆောင်းမှုများနှင့် ပြည်မသို့ထွက်ခွာမှုကို AA က ပိတ်ပင်ထားသောကြောင့် ရခိုင်ပြည်နယ်တွင် လူငယ်အများ စိတ်ဖိစီးမှု ဖြစ်ပေါ်နေကြသည်များကို တွေ့ရကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံတစ်ဦးက MT News ကို ပြောသည်။

“လူငယ်တွေ ပြည်မကို တက်မယ်ဆိုရင်လည်း လမ်းတွေက ပိတ်ထားတယ်။ ပညာသင်နေတဲ့ လူငယ်တွေလည်း ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက် သွားမယ်ဆိုရင် သွားလာလို့မရဘူး ဖြစ်နေကြတယ်။ ဘယ်လို ရှေ့ဆက် ကြရမလဲ မသိတော့တဲ့ အခြေအနေမှာ သေကြောင်းကြံတဲ့ အခြေအနေတွေ ဆက်ဖြစ်လာနိုင်တယ်။ စိတ်မအေးရ ဘူး”ဟု ယင်းစစ်တွေဒေသခံက မှတ်ချက်ပြုသည်။

ဓာတ်ပုံ – လင်းရောင်ခြည်ဖောင်ဒေးရှင်း။

Leave a Reply

Your email address will not be published. Required fields are marked *