September 27, 2024

၂၂.၉.၂၀၂၄
Written By Thandar

ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရုပ်ရှင် သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ယနေ့ စက်တင်ဘာ ၂၂ ရက်မှာ ကလောခရိုင် ကလောမြို့နယ်ရှိ ကျူးနေရာတွေအတွက် မြေဝယ်ဖို့ သွားကြည့်ရင်းက အဆိပ်ရှိတဲ့ အကောင်အကိုက်ခံရလို့ လက်နှစ်ဖက်ကို ဆေး
ထိုးလိုက်ရတယ်လို့ ဆိုပါတယ်။

“ကလောမှာ ကျုးတွေအတွက် မြေဝယ်ဖို့ သွားကြည့်ရင်း အဆိပ်ရှိတဲ့ အကောင် ကိုက်ခံရလို့ ဆေး (၂) လုံး လက်နှစ်ဖက်ကို ထိုးလိုက်ရပါတယ်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ‌ပြောပါတယ်။

သူမကတော့ ကလောမြို့က အိမ်ပြိုသွားတဲ့ အိမ်ထောင်စု ၁၅၅ အိမ်အတွက် တစ်အိမ်ထောင်လျှင် ငွေသားသီးသန့် ကျပ်သိန်း ၃၀ နှုန်းနဲ့ ကျပ်သိန်း ၅ ထောင်ဝန်းကျင်ကို ကူညီမျှဝေပေးဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကတစ်ဆင့် ယနေ့ စက်တင်ဘာ ၂၂ ရက်အထိ ရေဘေးအတွက် ခုနစ်ရက်သားသမီးပါဝင်တဲ့ အလှူငွေ ကျပ် သိန်း ၁၇၀၀၀ ခန့် ရရှိထားတယ်လို့ ဆိုပါတယ်။

“အမက ကိုယ်တိုင် အိမ်ဆောက်ပေးလို့လည်းရတယ်။ အဓိကတော့ ကိုယ်ထူကိုယ်ထဖြစ်အောင် စိတ်ဓာတ်မြင့်အောင် လုပ်ပေးလိုက်တာပါ။ အမအိမ်ဆောက်ပေးရင်ကြာဦးမယ်။ အိမ်တစ်လုံးဆောက်ရင် ချက်ချင်းမရဘူး။ အချိန်တွေယူရတယ်။ တစ်လ နှစ်လ ကြာမယ်။ ချက်ချင်းအကောင်အထည်ဖော်နိုင်တာပေါ့။ ခုက သဘာဝဘေး အန္တရာယ်ကျလို့ အလှူခံပုဂ္ဂိုလ်ဖြစ်ပေမယ့် တစ်ချိန် သူတို့က အလှူရှင် ပြန်ဖြစ်ဦးမှာပါ။ သူတို့တွေက တွေ့တာနဲ့ ရင်ဖွင့်ကြတာ။ ဘာလိုချင်တယ်။ ဘာပေးပါဆိုတာ လုံးဝမရှိဘူး။ ပျက်စီးသွားတဲ့ အိမ်ခြေ ၁၅၅ အိမ်လုံး တစ်ယောက်မကျန် လက်ထဲကို သိန်း ၃၀ ဆီ ပေးတယ်။ သူတို့လက်ထဲကို ပိုက်ဆံဆိုတာထက် မေတ္တာတရား၊ ပျော်ရွှင်မှု၊ ဖေးမမှုတွေနဲ့ စိတ်ဓာတ်ခွန်အားတက်အောင် လုပ်ပေးချင်တဲ့စိတ်နဲ့ လက်ထဲပိုက်ဆံကိုယ်တိုင်အပ်တယ် ”လို့ သူမက ပြောပါတယ်။

သူမဟာ ပြီးခဲ့ရက်ပိုင်းက နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စတဲ့နေရာတွေမှာလည်း ရေဘေးသင့်ပြည်သူတွေကို ငွေအားလူအားနဲ့ ကိုယ်တိုင် သွားရောက် အားပေးခဲ့သူလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာရင် မိဘမဲ့ကလေးငယ် ၁၂၈ ယောက်ကို ပြုစုပျိုးထောင်ပေးနေလျှက်ရှိသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *