September 27, 2024

၂၂.၉.၂၀၂၄
Written By Thandar

လူကွယ်လွန်သွားပေမယ့် ပရိသတ်အချစ်ကို ယနေ့ထိတိုင်ရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်ဒွေးရဲ့ အင်္ကျီကို ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းဖို့လေလံတင်ခဲ့ရာမှာ ကျပ် ၃၂ သိန်းနဲ့ အဆိုတော်လွှမ်းပိုင်က လေလံ ‌ရရှိခဲ့ပါတယ်။

လက်ရှိလေလံတင်တဲ့ Adidas အင်္ကျီကို ဒွေးက “ပေးဆပ်ခြင်းများစွာသီချင်း” ကို အဆိုတော် သီရိဂျေမောင်မောင်နဲ့ သီဆိုရင်း ဝတ်ဆင်ခဲ့တာ အခုဆို သက်တမ်း ၂၃ နှစ်ရှိပြီဖြစ်ပြီး သရုပ်ဆောင် ဇွဲနိုင်ဝင်းက ရေဘေးမှာ ကုသိုလ်ယူဖို့အတွက် လေလံတင်ခဲ့တာလည်းဖြစ်ပါတယ်။

“ရေဘေးအလှူအတွက် ကိုသားကြီး အင်္ကျီလေလံပွဲမှာ ၃၂ သိန်းနဲ့ လေလံအောင်သွားတာက အဆိုတော် မင်းသား လွှမ်းပိုင်ပါ။ ညီလေးကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုသားကြီးကို ချစ်တဲ့စိတ်လေးသိရလို့ အရမ်းဝမ်းသာတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ညီလေးရယ် သာဓု သာဓု သာဓု ပါနော် ညီ။ အောင်မြင်မှုများ အဓွန့်ရှည်ပါစေ”လို့ သရုပ်ဆောင် ဇွဲနိုင်ဝင်းက ပရိသတ်သိအောင်ပြောလာပါတယ်။

ဇွဲနိုင်ဝင်းက ထပ်မံပြီး ယနေ့ စက်တင်ဘာ ၂၂ရက်နေ့မှာလည်း သရုပ်ဆောင် ဒွေးက အဆုံးအစ ဇာတ်ကားထဲမှာ ဝတ်ဆင်ခဲ့တဲ့ အသစ်နီးနီးရှိတဲ့ အင်္ကျီကိုလည်း လေလံအကြမ်းခင်း‌ဈေး ကျပ် ၅ သိန်းကနေ စတင်လေလံတင်နေတာလည်းဖြစ်ပြီး စက်တင်ဘာ ၂၃ ရက် မွန်းတည့် ၁၂နာရီမှာ လေလံပိတ်မယ်ဆိုပါတယ်။

သရုပ်ဆောင်‌ဒွေးဝတ်ဆင်ခဲ့တဲ့ အင်္ကျီတွေကို လေလံရောင်းချရာက ရရှိတဲ့ ငွေကြေးတွေကို ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့မှာ မင်းသားဒွေးက အသက် ၄၁ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *