၂၉. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်းနှစ်နိုင်ငံအကြား အကြောင်းအမျိုးမျိုးကြောင့် တင်းမာမှုများရှိနေသော်လည်း ယခုအခါတွင်မူ နှစ်နိုင်ငံအစိုးရများအနေဖြင့် ဆန်စပါးတင်ပို့ရောင်းချမှုကို သံတမန်ရေးရာလက်နက်တစ်ခုသဖွယ် အသုံးချရန်ကြိုးစားနေကြသည်ဟု ဖြစ်ပေါ်လာသည့်အခြေအနေများအရ ဆိုနိုင်ပြီဖြစ်သည်။
နိုင်ငံရေးတွင် လူသားတို့အတွက် လိုအပ်သော စားနပ်ရိက္ခာက သြဇာလွှမ်းမိုးသက်ရောက်မှုကို ရှေးယခင် သက်ဦးဆံပိုင်ဘုရင်များလက်ထက်ကပင် တွေ့ရှိခဲ့ကြရသည်။ ထိုခေတ်ကဆိုလျှင် ဘုရင်တို့က ၎င်းတို့၏ဧည့်သည်တော်များကို ဖျော်ဖြေဧည့်ခံရန် သံတမန်လက်နက်တစ်ခုကဲ့သို့ ဆန်စပါးကို အသုံးချခဲ့ကြသည်။ ယနေ့ခေတ်တွင်လည်း ထိုအစဉ်အလာအတိုင်းပင် နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များနှင့် နိုင်ငံသမ္မတများက မဟာမိတ်နိုင်ငံတို့အကြား ချစ်ကြည်ရေးခိုင်မြဲစေရန်နှင့် ရန်ဘက်နိုင်ငံများအကြား တင်းမာမှုများစိမ့်ဝင်လာစေရန် စားနပ်ရိက္ခာကိုပင် သံခင်းတမန်ခင်းတစ်ရပ်အဖြစ် ဆက်လက်အသုံးချလာကြပြန်သည်။
ဤတွင် အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုခိုင်မာစေရန် ဆန်စပါးက လူကြိုက်များသော သံတမန်လက်နက်တစ်ခုသဖွယ် ဖြစ်လာရသည်ဟုလည်း သတင်းအချို့ကဆိုကြသည်။
အာရှတိုက်တွင် အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများကဲ့သို့ပင် နိုင်ငံအများအပြားရှိ ပြည်သူအများစုက ဆန်ကို အဓိကစားနပ်ရိက္ခာအဖြစ် သုံးစွဲကြသည်။ စားနပ်ရိက္ခာမလုံလောက်မှုက နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးမတည်ငြိမ်မှုနှင့် စီးပွားရေးတွင်လည်း ဘဏ်ဒေဝါလီခံရမှုများကိုပါ ဖြစ်စေနိုင်သည်ကို တွေ့ရပေမည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့်လည်း ပြည်တွင်း၌ ဆန်စပါးလုံလောက်မှုရှိစေရေး ဆောင်ရွက်မှုအချို့ ပြုခဲ့ရသည်။ လူသိအများဆုံးနည်းလမ်းမှာမူ ဆန်စပါးကို ပြည်ပမှတင်သွင်းမှုပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံတစ်ခုအဖြစ် သိကြကာ နိုင်ငံတွင်း ဆန်စပါးထုတ်လုပ်မှု ပြည်တွင်း၌ပင်ရှိနေမှုက သွင်းကုန်မူဝါဒနှင့် ငြိစွန်းရာရောက်နိုင်သော်လည်း ၎င်းအနေဖြင့် ဆန်တင်သွင်းမှုပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ယနေ့အချိန်အခါတွင်မူ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်နေရမှုအပြင် ရုရှားနှင့် ယူကရိန်းစစ်ပွဲတိုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားကလည်း ၎င်းတို၏ပြည်တွင်းထွက်ကုန်များတင်ပိုမှုကိုရပ်ဆိုင်းထားကြသည်ကို တွေ့နိုင်သည်။ ဤအချိန်တွင်မူ ဘင်္ဂလားဒေ့ရှ်ပြည်သူများ၏ အသက်အတွက် အရေးကြီးသောထုတ်ကုန်လည်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်ပြည်သူများအတွက် မရှိလျှင်လည်းမဖြစ်သော ဆန်စပါးလိုအပ်မှုကြောင့် တင်းမာမှုများရှိနေသည်ဖြစ်သော်ငြားလည်း မြန်မာနိုင်ငံမှပင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန်တင်သွင်းခဲ့ရတော့သည်။
စိုက်ပျိုးရေးနှင့် မွေးမြုရေးကဏ္ဍကလည်း မြန်မာနိုင်ငံစီးပွားရေး၏ အဓိကကျောရိုးဖြစ်လာခဲ့သည်မှစ၍ ဆန်စပါးတင်ပို့မှုတစ်ခုတည်းကပင် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေလိုအပ်မှုများစွာကိုဖြည့်ဆည်းနိုင်ခဲ့သည်။
ထို့ကြောင့်လည်း အခြေအနေက လယ်သမားများနှင့် စီးပွားရေးအခွင့်အလမ်းများကို လုပ်ဆောင်ရန် ရင်းနှီးမြုပ်နှံမည့်သူများအပါအဝင် အစုရှယ်ယာဝင်အားလုံးအတွက် ကူညီလျက်ရှိသည်ဟုလည်း ဆိုရပေမည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဆန်စပါးရောင်းဝယ်မှုအတွက် စက်တင်ဘာလက လက်မှတ်ထိုးခဲ့ကြသော နားလည်မှုစာချွန်လွှာအရဆိုလျှင် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂၀၀,၀၀၀ ကို ဒီဇင်ဘာလအတွင်း တင်ပို့သွားမည်လည်းဖြစ်သည်။ တင်ပို့သွားမည့် ဆန်များကို ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဆိပ်ကမ်းနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ ဆိပ်ကမ်းတို့မှ သင်္ဘောများဖြင့် တင်ပို့သွားမည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၏ ပြောကြားချက်အရဆိုလျှင် မြန်မာနိုင်ငံအနေနှင့် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်၏ ပထမခုနှစ်လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သန်းကျော် ပြည်ပတင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ရရှိခဲ့သည်။
သို့ဆိုရလျှင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့က ၎င်းတို့၏ ဆန်စပါးအသုံးချသည့် သံခင်းတမန်ခင်းကို စတင် ကျင့်သုံးလာကြခြင်းဟုလည်းဆိုရပေတော့မည်။
ထိုသို့ ဆန်တင်ပို့မှုများက နှစ်နိုင်ငံအကြားကောင်းမွန်သောဆက်ဆံရေးအတွက် ကြီးမားသော အထောက်အကူလည်းဖြစ်စေပေမည်။ နှစ်နိုင်ငံပြည်သူများအကြား ကောင်းမွန်သောဆက်ဆံရေးများလည်း ဖွံ့ဖြိုးလာစေနိုင်ပြီး မဝေးလှသောကာလတွင် နှစ်နိုင်ငံစလုံးမှ မျိုးဆက်သစ်များအနေနှင့် စီးပွားရေး၊ ခရီးသွားလာရေးကဲ့သို့ ကဏ္ဍများတွင်ပါ ပိုမိုကောင်းမွန်သောဆက်ဆံရေးများ ဖွံ့ဖြိုးစေရန် လိုလားလာကြပေမည်။
နှစ်နိုင်ငံအကြား အခြားသော ပြဿနာအချို့ရှိနေသော်လည်း နှစ်ဖက်စလုံးက သင့်လျော်စည်းစနစ်ကျစွာ ဖြေရှင်းသင့်ကြသည်။ ဆန်စပါးကို သံတမန်လက်နက်အဖြစ် အသုံးချမှုကို လက်ခံနေကြသည်ဖြစ်ရာ နှစ်နိုင်ငံအကြား တင်းမာမှုများရှိနေသော်လည်း ဆန်စပါးရောင်းဝယ်တင်ပို့မှုမှ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေမည့် သတင်းကောင်းများ မကြာမီထွက်ပေါ်လာမည်ဟု မျှော်လင့်ရပေသည်။
Ref—– Eurasia Review