၂၂.၉.၂၀၂၄
Written By Zun
အကြောင်းအမျိုးမျိုးကြောင့်နိုင်ငံပိုင်သိမ်းထားသောမော်တော်ယာဉ်များကို လေလံပစ်ရန်မရှိသေးကြောင်း နစက အစိုးရအဖွဲ့ဝင် အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
နိုင်ငံပိုင်သိမ်းဆည်းထားသော မော်တော်ယာဉ်အစီးရေ ၆၀၀၀ ခန့်ကို လေလံပစ်မည်ဟု လူမှုကွန်ရက်ပေါ်တွင် ပြောဆိုရေးသားနေကြသည့်သတင်းများအပေါ် ယင်းက အထက်ပါအတိုင်း တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။
“အမှုတွေ ပြီးပြတ်အောင်လုပ်ပြီးမှ လေလံပစ်လို့ ရတာလေ။ အဲဒီလိုမဟုတ်ပါဘူး”ဟု ၎င်းက MT News ၏ မေးမြန်းခြင်းအပေါ် ပြောကြားခဲ့သည်။
လက်ရှိတွင် ရေကြီးရေလျှံမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခံထားရသော မော်တော်ယာဉ်များကို လေလံပစ်ရန် အစီအစဉ်မရှိနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် လက်သိပ်ထိုးလုပ်ရန်လည်းအကြောင်းမရှိနိုင်ကြောင်းမော်တော်ကား ရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက MT News ကို ပြောသည်။
“ဖြစ်မယ်ဆိုလည်းတရားဝင်ပေါ့လေ။ အစိုးရက ကြေညာမှာပါ။ လက်သိပ်ထိုးတဲ့အလုပ်ကို အစိုးရကလုပ်မှာ မဟုတ်ပါဘူး။ ပြီးတော့ အစိုးရက မလုပ်နိုင်သေးဘူး။ဘာလို့လဲဆိုတော့ တစ်တိုင်းပြည်လုံးက ရေဘေးကိစ္စကိုပဲ နိုင်ငံတော်အကြီးအကဲတွေက ဦးဆောင်နေတယ်။ ဒီဟာတွေကတော့ သူတို့လည်းခေါင်းထဲမှာမထည့်နိုင်သေး တဲ့အချိန် ဖြစ်နေတာလေ”ဟု ယင်းကဆိုသည်။
ယခင်က အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရသော မော်တော်ယာဉ်များကို လမ်းကြိတ်စက်ဖြင့် ကြိတ်သည်အထိ ရှိခဲ့ဖူးကြောင်းလည်း ဦးအောင်သန်းဝင်းက သူ၏သိရှိမှုကို ပြောသည်။
“တိုင်းသိပြည်သိဖမ်းဆီးတဲ့ကားတွေက တစ်နေရာတည်းမှာမဟုတ်ဘူး။ နေရာပေါင်းစုံမှာ ထားထားတာရှိတယ်လေ။ ဥပမာ-ကျွန်တော်တို့ မရမ်းချောင်မှာ၊ ကျိုက်ထိုဘက်မှာ ဘယ်နှစ်စီး၊ ဘားအံမှာဘယ်နှစ်စီး အစီးရေပေါင်း များစွာရှိတယ်။ အဲ့လိုအစီးရေပေါင်းများစွာထဲကအမျိုးအစားအလိုက်ခွဲပြီးတော့မှ အဲ့ဒါကို တရားဝင်သူတို့ကကြေညာမှာ။ ကြေညာပြီးတော့မှ ကိုယ်လိုချင်တဲ့ကားကဘယ်နေရာကချောင်လည်း၊ ပြုလည်းဆွဲကြမှာလေ။တစ်နေရာတည်းမှာလည်းအစီး ၆၀၀၀ မရှိပါဘူး။ ပြောတော့ပြောနေကြတာပဲ။ အရင်တုန်းကဖမ်းထားတဲ့အစီးရေတော်တော်များများက လမ်းကြိတ်စက်နဲ့ကြိတ်ပစ်လိုက်တာသိတယ်။ အစီးရေတော်တော်များများ၊ အခုနောက်ပိုင်း၊ အခုအဲ့သတင်းကတော့မကြားဘူး။ အစိုးရကနေ လေလံပစ်မယ်၊ ဘာညာဆိုရင် သူကတရားဝင်ကြေညာရတော့မှာလေ။ ဘာလို့လဲဆိုတော့နိုင်ငံတော်ပိုင်သတင်းစာမှာထည့်ရတော့မှာလေ။ အစီးရေက ၆၀၀၀ ဆိုလို့ရှိရင် ရန်ကုန်မှာဖမ်းထားတဲ့ ရဲစခန်းတွေဘာတွေရှိတယ်။ အခု သူက ဗဟိုစက်ပစ္စည်းစာရင်းအင်းကိုင်နေတာလေ။ အဲ့ဒါကြောင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းကနေကိုင်တာ။ အဲ့ရုံးကနေ ဘယ်နေရာမှာ ဘယ်နှစ်စီး၊ ဘယ်နေရာမှာ ဘယ်နှစ်စီး၊ ဘာအမျိုးအစားတွေဘ ာအမျိုးအစားတွေဆိုတာ သူကတွက်မယ်၊ တစ်ခါတည်း ထုတ်ပြန်ရမှာ”ဟု ဆိုသည်။
လက်ရှိတွင် မော်တော်ယာဉ်အရောင်းအဝယ်ဈေးကွက်မှာ အနည်းငယ်အေးနေကြောင်း၊ ယင်းမှာ ရွှေဈေး၊ ဒေါ်လာဈေးများ အေးနေသောကြောင့်လည်း ဖြစ်ကြောင်း ဦးအောင်သန်းဝင်းက သုံးသပ်ပြောဆိုသည်။
“ကားဈေးအေးတယ်။ ရွှေဈေး၊ ငွေဈေးက သူကကျတာကိုး။ ဒါပေမဲ့ အေးပေမယ့် ဈေးတော့သိပ်မကျဘူး။ နည်း နည်းကျတယ်ဆိုတာက ငွေလိုတဲ့သူပဲချရောင်းတာပါ။ဘာလို့ဆိုတော့ အခုက ဒီကားတွေပဲ ပတ်ရောင်းနေတာ။ဝယ်လိုက်၊ ရောင်းလိုက် အပေါ်ကားနဲ့အောက်ကားနဲ့အပေါ်ကားသမားက ငွေရရင်အောက်ကားဆင်းဝယ်လိုက်၊ အောက်ကားက အပေါ်ကားဝယ်လိုက်နဲ့ ဒီအတိုင်းပဲ။ ကားမှ ထုတ်လုပ်မှုမှမရှိတာလေ”ဟု ၎င်းက ပြောသည်။