၂၂.၉.၂၀၂၄
Written by TZ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ် (၇၉/၃) နှင့် (၇၉/၄)ကြားတွင် ရပ်ထားသည့် ကုန်တင်ယာဥ်ကို ဆီဘောက်ဆာယာဉ်မှအရှိန်လွန်၍ တိုက်မိသဖြင့် ဆီဘောက်ဆာယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဥ်မှာ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီ ၂၇ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ပြီး မိုင်တိုင်အမှတ် (၇၉/၃)နှင့် (၇၉/၄)ကြားတွင် ရပ်ထားသည့် ၂၂ ဘီးယာဥ်(အမည်းရောင်) ယာဥ်ကို ၂၂ ဘီး ဆီဘောက်ဆာ( အဖြူရောင်) ယာဥ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်-မန္တလေး လမ်းဟောင်းမှာဖြစ်တာ။ တွဲကားက လမ်းမပေါ်လေးရပ်ထားတာ။ ဘေးချရပ်ရင် ဗွက်တွေနဲ့မို့လို့။ အဲ့ဒီကားကို ဆီဘောက်ဆာက အရှိန်လွန်ပြီးတိုက်မိတာ။ ဆီဘောက်ဆာမောင်းတဲ့သူကတော့ ယာဥ်ခေါင်းထဲမှာ ခြေထောက်နှစ်ဖက်ညပ်နေတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး”ဟု ညောင်လေးပင်မြို့ မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။
ဒဏ်ရာရရှိသည့် အမျိုးသားကို ရွှေရဲနွယ်ပရဟိတအသင်းမှ ပြွန်တန်ဆာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။