September 22, 2024

၂၂.၉.၂၀၂၄
Written by Hey Mar

မိုးရွာနေစဉ် လမ်းချော်ပြီး လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်ကာ ယာဉ်ပေါ်ပါ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၂၂ ရက် နေ့လယ် သုံးနာရီဝန်းကျင်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကုလားဘုရားမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မာတာလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

မတော်တဆဖြစ်တဲ့ယာဉ်က ကန်တာအမျိုးအစား ယာဉ်ဖြစ်ပြီး ကားပေါ်မှာ ယာဉ်မောင်းအမျိုးသားတစ်ဦးနဲ့ ဘေးမှာ အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းလာကာ အရှိန်နဲ့ ကွေ့ကြောကို ဖြတ်မောင်းရာက မိုးရေကြောင့် စလစ်ဖြစ်ပြီး လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တာလို့ သိရပါတယ် ။

မာတာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ” ယာဉ် မောင်းက ကားခေါင်းထဲ ညပ်နေတာ အတော်ထုတ်ရတယ်။ ပြင်းထန်ဒဏ်ရာမရဘူး။ တိုက်တဲ့ အရှိန်နဲ့ ညပ်နေတာကို ကူညီ ဆွဲထုတ်ပေးခဲ့ရတာ။ အမျိုးသမီးကတော့ ဦးခေါင်း ဖူးယောင် ရင်ဘတ်အောင့် ဒဏ်ရာတွေ ရထားတယ်။ အင်းစိန်ဆေးရုံကြီးဆီ လူနာနှစ်ဦးကို ပို့ဆောင်ပေးခဲ့ပါတယ် “လို့ MT News ကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၂ ရက်နေ့ တစ်နေ့တည်း မင်္ဂလာဒုံမြို့နယ်မှာ အထက်ပါဖြစ်စဉ်အပြင် ယာဉ်တိုက်မှု နှစ်ခု ဖြစ်ပွားခဲ့တာပါ။ ဒီနေ့ ညနေ သုံးနာရီ ဝန်းကျင်မှာပဲ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ အကျော် သုံးရာသီ မှတ်တိုင်မှာ လမ်းပြောင်းပြန်ဝင်လာပြီး ‌တစ်ဖက်လမ်းကို ကွေ့ဖို့ ကြိုးစားတဲ့ တက္ကစီယာဉ်နဲ့ လမ်းဖြောင့်အတိုင်း မောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ် တိုက်မိပြီး၊ တစ်ခါ နောက်ကနေ မောင်းနှင်လာတဲ့ လိုက်ထရက်ယာဉ်အပါ သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါ ဖြစ်စဉ်မှာ တက္ကစီယာဉ်မောင်းတစ်ဦးကိုသာ ရင်ဘတ်အောင့်တဲ့ဝေဒနာကြောင့် ဆေးရုံတင်ပို့ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *